နေပြည်တော် ဒီဇင်ဘာ ၁၅
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့အခြေစိုက်၊ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးညီလာခံ - ၂၀၂၂ ကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ Omni Shoreham Hotel ၌ ဒီဇင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုယ်စား မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးသက်ဝင်း ဦးဆောင်သည့် ကိုယ်စား လှယ်သုံးဦး တက်ရောက်ခဲ့သည်။
ညီလာခံတွင် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Mr. Jake Sullivan၊ မော်ဒိုဗာသမ္မတနိုင်ငံ သမ္မတ H.E. Ms. Maia Sandu ၊ U.S. Agency for International Development (USAID) ၏အကြီးအကဲ Ms. Samantha Power ၊ Transparency International အဖွဲ့၏ဥက္ကဋ္ဌ Ms. Delia Ferreira Rubio ၊ အပြည်ပြည်ဆိုင်ရာ ပွင့်လင်း မြင်သာမှု ရှိရေးအဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Gary Kalman ၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးညီလာခံကောင်စီ ဥက္ကဋ္ဌ Ms. Huguette Labelle တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ညီလာခံသို့ နိုင်ငံ (၁၄၀) ကျော်မှ အစိုးရကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ၊ Ms. DunjaMijatovic ၊ IMF ၊ UNDP စသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့များ/ ကော်မရှင်များမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ သုတေသီများ၊ သတင်းထောက်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူများနှင့် တက္ကသိုလ်ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

ညီလာခံတွင် ကိုယ်ကျိုးစီးပွား ဦးစားပေးစနစ်များကို ကိုင်တွယ်ဖြေရှင်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အဂတိလိုက်စားမှု မျက်မြင်သက်သေများကို အကာအကွယ်ပေးခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များ အောင်မြင်စေရန် ဘဏ္ဍာရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှုရှိရေး ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုမှတစ်ဆင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ခြင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် လူငယ်များအား စည်းရုံးခြင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် “မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ခေတ်အဆက်ဆက်တွင် အစိုးရအဆက်ဆက်က ဆောင်ရွက်ခဲ့ပါကြောင်း၊ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းတွင်လည်း ပါဝင်လက်မှတ်ရေးထိုးထားပြီး ဒေသတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဆီယံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ကာ အဂတိလိုက်စားမှုတိုက် ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့်အညီ မဟာဗျူဟာများ၊ လုပ်ငန်း ဧရိယာများ ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသည်။
သတင်းစဉ်