ရန်ကုန်၊ ဧပြီ ၃၀

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၀) ရပ်ကွက်၊ ပုလဲလမ်းမကြီး၊ အမှတ် (၁၂၅၉) ရှိ လူမှုဖူလုံရေး - သုခစုစံ အထွေထွေရောဂါကုဆေးခန်းနှင့် ရွှေပြည်သာမြို့နယ်၊ (၁၄)ရပ်ကွက်၊ မဟာ ဗန္ဓုလလမ်းမ၊ အမှတ် (၈၆၂) ရှိ လူမှုဖူလုံရေး - ကောင်းဇေအထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲ အခမ်းအနားများ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ လူမှုဖူလုံရေး-သုခစုစံ အထွေထွေရောဂါကုဆေးခန်းနှင့် လူမှုဖူလုံရေး - ကောင်းဇေအထွေထွေရောဂါကု ဆေးခန်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက ဆေးခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆေးခန်းအားလှည့်လည်ကြည့်ရှု စစ်ဆေးသည်။ 

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မြို့နယ်ပေါင်း (၁၁၆) မြို့နယ်၊ အကျုံးဝင်မှတ်ပုံတင် အလုပ်ဌာန (၃၄၈၇၈) ဌာနနှင့် အကျုံးဝင်အာမခံအလုပ် သမားပေါင်း (၁၂၁၁၃၇၁) ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အကျုံးဝင်အလုပ်ဌာန (၁၃၉၈၈) ဌာနနှင့် အကျုံးဝင် အာမခံအလုပ်သမားပေါင်း (၈၆၃၅၃၃) ဦးရှိပြီး အဆိုပါအာမခံ အလုပ်သမားများ အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်၊၊

လူမှုဖူလုံရေးအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဌာနပိုင်အလုပ်သမား ဆေးရုံကြီး (၃) ရုံ၊  မြို့နယ်ဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၆၀)၊ တိုင်းရင်းဆေးခန်း (၁) ခန်း၊ ပုဂ္ဂလိကနှင့် ပူးပေါင်း၍ Fee For Service စနစ်ဖြင့် စာချုပ်ဆေးခန်း (၁၂) ခန်း၊ Capitation Payment စနစ်ဖြင့် ပြင်ပလူနာကုသမှုဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော ဆေးရုံ/ ဆေးခန်း (၂၄) ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သောဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော ဆေးရုံ/ သားဖွား ခန်း (၉) ခန်း၊ ရွှေ့လျားဆေးကုသယာဉ် (၂) စီးဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အာမခံအလုပ်သမားများကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိရာ ယခုဆေးခန်း (၂) ခန်း အပါအဝင် Capitation Payment စနစ်ဖြင့်  ပုဂ္ဂလိက စာချုပ်ဆေးရုံ/ ဆေးခန်း (၂၆) ခန်းနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီထိ ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်