နေပြည်တော် ၁၉ ဩဂုတ်
၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉) ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ကျင်းပရေး ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဦးစီးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားအတွက် လိုအပ်သည်များပံ့ပိုးပေးရန် လွှတ်တော်ဥက္ကဋ္ဌများက မှာကြားထားပါကြောင်း၊ အထိမ်းအမှတ်ပြပွဲကို ခမ်းခမ်းနားနား ပြသဆောင်ရွက်စေလိုကြောင်း၊ လုံခြုံရေးကိစ္စများကိုအထူးဂရုပြုဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းကော်မတီများအလိုက် ပြီးစီးဆောင်ရွက်မှုများနှင့် ဆုံးဖြတ်ပေးရမည့် ကိစ္စများကို တင်ပြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌကလုံခြုံရေးကော်မတီအနေဖြင့် လုံခြုံရေးစီမံချက်ပါအတိုင်းအပြည့်အဝ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ လိုအပ်ချက်များရှိပါက အစည်းအဝေးတွင် တင်ပြစေလိုကြောင်း၊ လုပ်ငန်းကော်မတီများ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရန်များကို ဆွေးနွေးညှိနှိုင်းကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းကော်မတီများအလိုက် ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးအတည်ပြုသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကကနိဂုံးချုပ်ပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)


