ရန်ကုန် ဖေဖော်ဝါရီ ၂၅
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲနှင့် အောင်လက်မှတ် အပ်နှင်းပွဲကို ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး)ရှိ ကုန်သွယ်မှုသင်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ဦးစီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်သား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက “ပြည်တွင်းပြည်ပ ကုန်သွယ်ရေးဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်းများနှင့် လက်တွေ့ပိုင်ဆိုင်ရာလုပ်ငန်း အကြောင်းအရာများကို မိမိတို့လုပ်ငန်း နယ်ပယ်တွင် ပြန်လည်အသုံးချခြင်းဖြင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြု ဆောင်ရွက်သွားကြစေလိုကြောင်း” ပြောကြားပြီး သင်တန်းတွင် ဆုရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းသား သင်တန်းသူများကို အောင်လက်များ ပေးအပ်ခဲ့သည်။
သတင်းစဉ်