နေပြည်တော် ၁၂ သြဂုတ် 


အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို နေပြည်တော် MICC-2 တွင် ယနေ့မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မြန်မာနိုင်ငံ ရှိ လူငယ်ထုတစ်ရပ်လုံး၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင်  ကောင်းမွန်သော လမ်းပြဖြစ်နိုင်မည့် လူငယ်ရေးရာမူဝါဒကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ လူငယ်ရေးရာမူဝါဒသည် လူငယ်များ၏ ဆန်းသစ်သော အတွေးအခေါ်ဆင်ခြင်တုံတရား များနှင့် လူကြီးများ၏ အတွေးအခေါ်နှင့် အတွေ့အကြုံများ ပေါင်းစပ်၍ အခက်အခဲများကို မည့်သို့ကျော်လွှားရမည်ဆိုသည်ကို ဖော်ဆောင်နိုင်ရန်ရေး ဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ မူဝါဒကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မဟာဗျူဟာများလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း။


အဆိုပါ မဟာဗျူဟာများကိုလည်း လူငယ်များကိုယ်တိုင်ပါဝင်ရေးဆွဲခဲ့ကြကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တစ်ခုနှင့်တစ်ခုသည် အခြေခံအချက်အလက်လိုအပ်ချက်များ မတူညီသည့်အတွက် နေပြည်တော်အပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ လူငယ်ကိုယ်စားလှယ်များက ဒေသ၏လိုအပ်ချက်နှင့် ကိုက်ညီသည့်  ဦးစားပေးလုပ်ငန်း စဉ်များကို ဖော်ထုတ်၍ အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း၊ လူငယ်များ၏ အခွင့်အရေးကို ဖော်ဆောင်သည်နှင့် အတူတာဝန်ယူရမည့်အချက်များလည်းရှိကြောင်း၊ နိုင်ငံတော်နှင့်အတူ လူငယ်များကိုယ်တိုင်တာဝန်ယူ အကောင်အထည်ဖော်နိုင်ရန် အရေး ကြီးပါကြောင်း၊ လူငယ်ကဏ္ဍ(၁၆)ရပ်အနက်မှကဏ္ဍတစ်ခုခြင်းစီအတွက် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် လူငယ်များအတူတကွ တွေ့ဆုံဆောင်ရွက်ကြစေလို ကြောင်း၊ ထိုသို့တွေ့ဆုံခြင်းအားဖြင့် တည်ရှိနေသောအခြေအနေများ၊ လိုအပ်ချက်များ၊ မတူညီသည့် အခြေအနေများအားသိရှိလာပြီး အားလုံးပူးပေါင်းဆောင်ရွက်လျှင် အခက်အခဲများပြေလည်ပြီး လုပ်ငန်းအောင်မြင်မြန်ဆန်လာမည်ဖြစ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင်လည်း ပညာရေးပြုပြင်ပြောင်းလဲမှု၊ လူငယ်များဖွံ့ဖြိုးတိုးတက်မှု၊ သင်ကြားမှု၊ သင်ယူမှုများနှင့် ဆက်စပ်နေကြောင်း၊ ရှေးဦး အရွယ်ကလေးသူငယ်ဘဝတွင် အကောင်းဆုံးပြုစုပျိုးထောင်ပေးနိုင်လျှင် အသက်(၈)နှစ် ကျော်အရွယ်တွင် သင်ကြားသင်ယူမှုများ များစွာတိုးတက်ဖွံ့ဖြိုးနိုင်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ကဏ္ဍသည် နောက်ပိုင်းပညာရေးအတွက် အရေးကြီး သောကဏ္ဍ ဖြစ်သည့်အတွက်လူငယ်များမှ နောင်မျိုးဆက်သစ်များကို အမွေကောင်းများ ပေးနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဥပဒေသည်လည်းပေါ်ထွက်နေပြီဖြစ်ပါကြောင်း။


ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းနှစ်ခုပေါင်း၍မိဘများနှင့် မိသားစုဝင်များက ပါဝင်ပြုစုစောင့်ရှောက်မှုသည် နှောင်ကျောင်းများတွင် သင်ကြားသင်ယူ မှုထိရောက်ရေးအတွက် အခြေခံဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်များအနေဖြင့် အတွေ့ အကြုံများသည့် လူကြီးများထံမှ  လက်ဆင့်ကမ်းအမွေရယူပြီး နောက်မျိုးဆက်သစ် အနာဂတ်လူငယ်များကိုပေးရမည်ဖြစ်ကြောင်း၊  လူငယ်များသည် ကြီးပြင်းရသော ပတ်ဝန်း ကျင် အခြေအနေများကွာခြားသော်လည်း အခွင့်အရေးခံစားရမှုမှာ အတူတူပင်ဖြစ်သင့် ကြောင်း၊ အားလုံးသာတူညီမျှရရှိခံစားရေးသည် လက်ရှိအစိုးရ၏ မူဝါဒဖြစ်ကြောင်း၊ သာတူ ညီမျှရရှိခံစားရစေရန် တွင် လိုအပ်သည့်နေရာများကိုဦးစွာ ဖြည့်ဆည်းပေးခြင်းဖြစ်သော ကြောင့် ဒေသအလိုက် လိုအပ်ချက်များကိုဖော်ထုတ်ပြီး ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့၏ ဆောင်ပုဒ်သည်  “လူငယ်ထုကြီး ပါဝင်ကာ ပညာရေးစနစ်ပြောင်းလဲပါ”ဟု ဆိုသည့်အတိုင်းပညာရေး ပြောင်းလဲမှုစနစ်တွင် လူငယ်များကိုယ်တိုင်ပါဝင်ပြီး အစိုးရကအပြောင်းအလဲကို ဖော်ဆောင် နေပြီဖြစ်သည့် အတွက် လူငယ်များမှလည်းပါဝင်၍ တာဝန်ယူပြောင်းလဲပေး ရမည်ဖြစ်ကြောင်း ပြောကြားသည်။ 


ဆက်လက်၍UNFPAမှ ဌာနေကိုယ်စားလှယ် Mr.Ramanathan Balakrishnan  က လူငယ်ရေးရာမူဝါဒစာအုပ် ဖြစ်ပေါ်လာရေးအတွက် မိမိတို့အစိုးရ မဟုတ်သောအဖွဲ့ အစည်းအနေဖြင့် ကျိုးပမ်းဆောင်ရွက်ခဲ့မှုများကို ပြောကြားသည်။ 


ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူငယ်ရေးရာမူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လူငယ်ရေးရာမူဝါဒရေးဆွဲရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက လူငယ်ရေးရာ မူဝါဒရေးဆွဲရေးဆိုင်ရာ မူကြမ်းရေးဆွဲရေးအဖွဲ့ အဖွဲ့ဝင်လူငယ်ကိုယ်စားလှယ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ များကိုလည်းကောင်း ပေးအပ်သည်။

                    
ထို့နောက် လူငယ်ရေးရာမူဝါဒအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (မူကြမ်း)အား မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ကိုသူရစိုး(ခ) ဟိန်းထက်မှ လူငယ်ရေးရာမူဝါဒပါ ကဏ္ဍကြီး(၁၆)ချက်အား မဟာဗျူဟာစီမံချက်တွင် ထည့်သွင်း ဆောင်ရွက်ထားမှုအပေါ် ရှင်းလင်းတင်ပြသည်။       
          

ယင်းနောက် ဖိတ်ကြားထားသော လူငယ်ကိုယ်စားလှယ်တစ်ဦးက Talent Performance Show ကိုလည်းကောင်း၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တိုင်းရင်းသားရိုးရာအကအလှများဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက  ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများပေး အပ်သည်။
        
                
ထို့နောက်  လူငယ်ကိုယ်စားလှယ်များမှဦးဆောင်ပြီး “ယနေ့လူငယ်များနှင့် မြန်မာနိုင်ငံ၏အနာဂတ်” ခေါင်းစဉ်ဖြင့်၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်လူငယ်စကားဝိုင်းကို ကျင်းပပြီး တက်ရောက်လာကြသော လူငယ်များ၏ မေးမြန်းချက်များကိုပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)