ရန်ကုန် ဇွန် ၂၃
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ဒေသတွင်း ခရီးသွားလုပ်ငန်းနှင့် လုပ်ငန်း စွမ်းဆောင်မှုများမြှင့်တင်ရန် လေယာဉ် အင်အားဖြည့်တင်းမှုနှင့် လေကြောင်းခရီးစဉ်တိုးချဲ့မှု တစ်စိတ်တစ်ဒေသအဖြစ် Airbus A319 လေယာဉ်တစ်စင်း တရားဝင်လွှဲပြောင်းလက်ခံရယူ ပြီးနောက် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာရာ မြန်မာ့လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ အမှုဆောင်အရာရှိ များ၊ လေကြောင်းဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယခုရောက်ရှိလာသည့် Airbus A319 လေယာဉ်အပါအဝင် အပြည် ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ၌ လေယာဉ်စုစုပေါင်း ၁၁ စင်း အထိရှိလာပြီး Airbus A320 အမျိုးအစားလေယာဉ် ခုနစ်စင်း၊ Embraer E190 လေယာဉ် နှစ်စင်း၊ ATR72-600 လေယာဉ် တစ်စင်း၊ Boeing 737-400F အမျိုးအစား ကုန်တင်လေယာဉ် တစ်စင်းတို့ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)သည် ရန်ကုန်နှင့် မန္တလေး လေဆိပ် နှစ်ခုတွင် အခြေစိုက်လျက် မြန်မာနိုင်ငံတစ်ဝန်းနှင့် အာဆီယံ ဒေသ၊ အာရှအရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက် အာရှဒေသနိုင်ငံများရှိမြို့ပေါင်း ၄၁ မြို့သို့ ပျံသန်းပြေးဆွဲ လျက်ရှိသည်။ ထို့ပြင် အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း (MAI) လေကြောင်းလိုင်း၏ မိတ်ဖက် လေကြောင်းလိုင်းဖြစ်သည့် Mingalar လေကြောင်းလိုင်းမှ ATR72-600 လေယာဉ် သုံးစင်းဖြင့် ပူးပေါင်းကာ MAI အုပ်စုသည် လေယာဉ် စုစုပေါင်း ၁၄ စင်းဖြင့် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် လေကြောင်းလိုင်း၏ ၃၂ နှစ်ပြည့် ပျံသန်းပြေးဆွဲမှု အဖြစ် လေကြောင်းခရီးစဉ်များ တိုးမြှင့်မည်ဖြစ်ပြီး အောက်တိုဘာနှောင်းပိုင်းမှစတင်ကာ ရန်ကုန်-ဟနွိုင်း ခရီးစဉ်၊ ရန်ကုန်/မန္တလေး-ချင်းမိုင် ခရီးစဉ်၊ ရန်ကုန်-ဒါနန် ခရီးစဉ်၊ ရန်ကုန်- ကိုလ်ကတ္တား ခရီးစဉ်၊ ရန်ကုန်-ချန်နိုင်း ခရီးစဉ်၊ ရန်ကုန်-ကွမ်ကျိုးခရီးစဉ်တို့ကို အကြိမ်ရေ တိုးမြှင့်ပျံသန်းပြေးဆွဲမည် ဖြစ်သည်။
ယခုကဲ့သို့ လေယာဉ်အင်အာ အားဖြည့်တင်းခြင်း၊ လေယာဉ်ခရီးစဉ်များ ပျံသန်းမှုအကြိမ်ရေတိုးမြှင့် ခြင်းတို့မှာ မြန်မာနိုင်ငံနှင့် အာရှ အာရှဒေသနိုင်ငံများအကြား ခရီးသွားပြည်သူများအတွက် ယဉ်ကျေးမှု ထွန်းကားရာ မြို့တော်များ၊ အပန်းဖြေအနားယူရာ ကမ်းခြေဒေသများနှင့် စီးပွားရေးဗဟိုချက်များ များသို့ ချိတ်ဆက်ပေးနိုင်ရန် အဓိကရည်ရွယ်ထားကြောင်း သိရသည်။
ရဲရင့်လွင်
ဓာတ်ပုံ-သော်လေး