အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံ မျက်မမြင်များအသင်းမှ စာပေဟောပြောပွဲကျင်းပ   

ရန်ကုန်  ၂၈  နိုဝင်ဘာ

 

မြန်မာနိုင်ငံ မျက်မမြင်များအသင်းမှ ကြီးမှူး၍ ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာပေဟောပြောပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ House of Orchid  ၌ကျင်းပသည်။

 

အခမ်းအနားတွင် ၂၀ဝ၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပေးပို့လာသည့် ဂုဏ်ပြုအမှာစကားကို ကာတွန်းဆရာစိုးသော်တာ က ဖတ်ကြားသည်။

 

ထို့နောက် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် မြန်မာနိုင်ငံ မျက်မမြင်များအသင်း၏ သဘောထားထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ မျက်မမြင်များအသင်းမှ စာရင်းကိုင် ဒေါ်စုမွန်ခိုင်က ဖတ်ကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့် က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အာရှပစိဖိတ်ဒေသအတွင်း အွန်ဂျိုဘရေးလ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ဦးဘရန်နန်းအား မြန်မာနိုင်ငံ မျက်မမြင်များအသင်းကိုယ်စား ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။

 

ထို့နောက် ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာ စိုးသော်တာ၊ ဆရာ ကိုအင်းဝ (ဂန္တဝင်ညှပ်ကြီး)၊ Founder of Kanthari International Institute  မှ Ms.Sabriye Tenberken(German)တို့က ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်ဖြစ်သည့် “အတားအဆီးကင်းရေး မျှော်မှန်းလို့၊ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့” ဟူသည့် ခေါင်းစဉ်ဖြင့် ၎င်းတို့၏ အတွေ့အကြုံများကို ဆွေးနွေးဟောပြောခဲ့ကြသည်။

 

ထို့နောက် မြန်မာနိုင်ငံ မျက်မမြင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်ယမင်းဥမ္မာက ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ မျက်မမြင်များအသင်းမှ ဆောင်ရွက်သော လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အဆင့်မြင့်ပညာသင်ယူခွင့် လက်လှမ်းနိုင်မှုနှင့် စပ်လျဉ်းသည့် ရုပ်သံဗီဒီယိုကို ပြသခဲ့သည်။

 

မြန်မာနိုင်ငံ မျက်မမြင်များအသင်းကို ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းထူထောင်ခဲ့ပြီး အသင်းရုံးကို ၂၀ဝ၂ ခုနှစ်တွင်  ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယဝင်း အတွင်း၌  ဖွင့်လှစ်ထားရှိသည်။

 

မြန်မာနိုင်ငံ မျက်မမြင်များအသင်းသည် နိုင်ငံသားမျက်မမြင်များ၏ လူမှုဘဝ ဖွံ့ဖြိုးရေးနှင့် နိုင်ငံသားအခွင့်အရေး တန်းတူရရှိရေးတို့အတွက် ရည်ရွယ်၍ ၁၉၉၆ ခုနှစ် မေလ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ပြင်ဦးလွင် ပရဟိတမျက်မမြင် ဘက်စုံပညာသင်ကျောင်း၊ မုံရွာရောင်ခြည် သစ်မျက်မမြင်ကျောင်း၊ မိတ္ထီလာရှေ့ဆောင် မျက်မမြင်ကျောင်း၊ လှိုင်သာယာစုပေါင်း အားမာန် မျက်မမြင်အလုပ်သမားများအဖွဲ့၊ ကချင်ပြည်နယ် မျက်မမြင်ဖွံ့ဖြိုးရေးအဖွဲ့၊ မိတ္ထီလာဘဝသစ် မျက်မမြင်ကျောင်း၊ ကချင်ပြည်နယ် လင်းလက်ကြယ်စင် မျက်မမြင် များအဖွဲ့ အစရှိသည့် အဖွဲ့လိုက်အသင်းဝင် (၈)ဖွဲ့အပါအဝင် တစ်ဦးချင်း အသင်းသူ အသင်းသားများနှင့် စုစည်းဆောင်ရွက်လျက်ရှိသော အမြင်အာရုံမသန်စွမ်းသူများ၏ နိုင်ငံတော်အဆင့် မျက်မမြင်များအသင်းတစ်သင်းဖြစ်သည့် အားလျော်စွာ ကမ္ဘာ့ မျက်မမြင် သမဂ္ဂ၏ အဖွဲ့ဝင်အသင်းလည်း ဖြစ်သည်။

 

မြန်မာနိုင်ငံမျက်မမြင်များအသင်းသည် ယခုအခါတွင် နိုင်ငံသားမျက်မမြင်များ၏ အခွင့်အရေးအတွက် သာမက မသန်စွမ်းသူ အားလုံး၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် အားပေးမြှင့်တင်ဆောင်ရွက် ပေးနိုင်ရေးအတွက်လည်း မိတ်ဖက်မသန်စွမ်းအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံ မျက်မမြင်များအသင်းရုံးခွဲများကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ် လားရှိုးမြို့တွင်လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်းကောင်း ဖွင့်လှစ်ထားကြောင်း သိရသည်။

 

(သတင်းစဉ်)