အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မသန်စွမ်းသူများ သီတင်းပတ် (၇) ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲ ကျင်းပ

နေပြည်တော်  ၁  ဒီဇင်ဘာ

 

နှစ်စဉ်ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်သော  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ ဦးဆောင်မှုနှင့်အတူ မသန်စွမ်းသီတင်းပါတ် (၇) ရက်တာ လှုပ်ရှားမှု အစီအစဉ်တစ်ခုဖြစ်သော လူထုလမ်းလျှောက်ပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့၊ နံနက် (၆:ဝ၀) နာရီမှစတင်၍ နေပြည်တော် ပရဆေးဥယျာဉ်ရှေ့မှ ရေပန်းဥယျာဉ်အမှတ် (၃) ဂိတ်အထိ စုပေါင်းလမ်းလျှောက် ခဲ့ကြပြီး ရေပန်းဥယျာဉ်ရှေ့တွင် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု အားကစားသရုပ်ပြ ကကွက်များဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

အဆိုပါလမ်းလျှောက်ပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ဦးဆောင်၍ နေပြည်တော်ကောင်စီဝင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မသန်စွမ်းအရေးကို တက်ကြွစွာဆောင်ရွက်နေသည့် အဖွဲ့အစည်းများဖြစ်သော UNICEF ၊ World Vision ၊ The Leprosy Mission Myanmar ၊ Humanity & Inclusion ၊ Help Age International ၊ Myanmar Independent Living Initiative  ကိုယ်စားပြု မသန်စွမ်းအဖွဲ့အစည်းများနှင့် ပြည်သူလူထုများပူးပေါင်း၍ စုစုပေါင်း လူဦးရေ (၇၂၀) ခန့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)