ကော့သောင်း ၂၂ ဇွန်

 

ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက် ဆိုရှယ်မီဒီယာ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် မူးယစ်ဆေးဝါးအန္တရာယ် တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဇွန် ၂၂ ရက်က လွှင့်တင်ဖော်ပြ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ဆောင်ရွက်မှုတွင် မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ မူးယစ်ဆေးဝါးအုပ်စု (၅)မျိုးပါ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြာင်းအရင်းများ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ နိုင်ငံတော်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မဟာဗျူဟာ လုပ်ငန်းစဉ်များနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ အပြစ်ပေးအရေးယူခံရနိုင်သည့် သိကောင်းစရာအချက်များ၊ ကျောင်းသားလူငယ်ထု အတွင်း သိရှိလိုက်နာရမည့် အချက်အလက်များနှင့် သတိပေးတိုက်တွန်းချက်များ ပါဝင်သည့် အသိပညာ ဗဟုသုတများကို ဟောပြာကာ မူးယစ်ဆေးဝါးဆိုးကျိုးများဆိုင်ရာ ရုပ်ပုံဆလိုက်ရှိုးများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး နောက်ခံတေးသီချင်းများ ပေါင်းစပ်ထည့်သွင်းကာ ဗီဒီယိုဖိုင်ဖြင့် စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတည်းဖြတ် တင်ဆက်လွှင့်တင် ပညာပေးဆောင်ရွက်ထားခြင်း ဖြစ်သည်။

 

COVID-19 ရောဂါ တားဆီးထိန်းချုပ်မှုကာလအတွင်း  ယခင်ကာလများကကဲ့သို့ အခြေခံပညာ ကျောင်းများရှိ ကျောင်းသားလူငယ်ထုအတွင်းနှင့် ရပ်ကွက်ပြည်သူလူထုများအတွင်း လှည့်လည် ကွင်းဆင်း ပညာပေးဟောပြာခြင်း၊ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသ ပေးခြင်းများ ဆောင်ရွက်ခြင်းမပြုရသဖြင့် ယခုကဲ့သို့ လူတိုင်းအလွှာအသီးသီး တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည့် ဆိုရှယ်မီဒီယာ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပညာပေးဟောပြောမှု ဗီဒီယိုရိုက်ကူး ရိုက်ကူးလွှင့်တင်ကာ မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များကို  အများပြည်သူနှင့် ကျောင်းသားလူငယ်များ သိရှိနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)