ကော့သောင်း ၂၅  ဇွန် 

 

၂၀၂၀ ပြည့်နှစ် ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ ဖြန့်ဝေရာတွင် ကော့သောင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုနှင့် ဝန်ထမ်းများက ကမ်းနားလမ်း တစ်လျှောက်ပြည်သူများ၊ ကားဂိတ်များ၊ ဆိုင်ကယ် ဂိတ်များနှင့် မြို့မဈေးအတွင်း ပြည်သူလူထုများနှင့် ဈေးသူဈေးသားများအား  လိုက်ဖြန့်ဝေအသိပညာပေးမှုလုပ်ငန်းများ ဆောင်ရွက်ကြခြင်းဖြစ်သည်။ 

 

အဆိုပါ ပညာပေးလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ကောက်နုတ်ချက်၊ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ သတင်းပေး တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါး ဆိုသည်မှာ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ အသိပညာပေးဆောင်ပုဒ်၊ ကဗျာနှင့် ကာတွန်းများ ပါဝင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဝေနိုင်ရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)က တာဝန်ခံ၍ စောင်ရေ နှစ်သိန်း အခမဲ့ ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)