(၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့)

၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည့် အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ (၃၅) ကြိမ်မြောက်ရှိပြီ ဖြစ်ပါသည်။     

ယနေ့ ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံး ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲ အစီအစဉ်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များအား ဖိတ်ကြားတက်ရောက်စေမည်ဖြစ်ပါသည်။

ယနေ့တစ်ကမ္ဘာလုံး၌ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု စသည့် မူးယစ်ဆေးဝါးပြဿနာများကြောင့် နိုင်ငံအသီးသီး၌ ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်ပျက်စီးစေလျက်ရှိပါသည်။ နိုင်ငံတိုင်းကလည်း မူးယစ်ဆေး ဝါးပြဿနာကို ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့ကြသော်လည်း ယနေ့အချိန်ထိ ထိရောက်စွာ ထိန်းချုပ်နိုင်စွမ်းမရှိသေးကြောင်း တွေ့မြင်နေရပါသည်။

စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေ

မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်အစိုးရများက မူးယစ်ဆေးဝါးပပျောက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာခဲ့သော်လည်း ဓာတုပစ္စည်းများဖြင့်သာ ထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေး၊ အိုက်စ် (မက်အဖက်တမင်း)၊ ကတ်တမင်း စသည့် လူလုပ်မူးယစ်ဆေးဝါးများ (Synthetic Drugs)ပြဿနာများမှာ ပိုမိုကြီးထွားလာမှုကြောင့် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ လျော့ကျသွားခြင်းမရှိသည့်အပြင် ပြောင်းလဲမြင့်တက် လာခဲ့သည်ကို သတိချပ်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာဖြေရှင်းနိုင်ရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်မှု များပါဝင်သည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်တစ်ရပ်ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး မူဝါဒအား အထောက်အကူပြုမည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကိုလည်း ရေးဆွဲခဲ့ပြီးဖြစ်ပါသည်။ မဟာဗျူဟာစီမံချက်ကို လမ်းညွှန်မူဘောင်တစ်ခုအနေဖြင့် သတ်မှတ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက် (ActionPlan) များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေကြပြီဖြစ်ပါသည်။

မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ ဦးဆောင်မှုကဏ္ဍသည် အမှန်တကယ်အရေးပါသည့် လုပ်ငန်းလိုအပ်ချက်ဖြစ်ပြီးဒေသဆိုင်ရာ အစိုးရအဖွဲ့များမှ ဦးဆောင်၍ ပြည်သူလူထုအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အရှိန်အဟုန်မြှင့် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် “မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်သူများသည် နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူ၍ နည်းလမ်းပေါင်းစုံဖြင့် မူးယစ်ဆေးဝါးများကို ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိကြောင်း၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးကြရန်လိုအပ်ကြောင်း”  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် နေ့တွင်ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ၌ လမ်းညွှန်မှာကြားခဲ့ ပါသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အား လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၂၅/၂၀၂၂) ဖြင့် အဖွဲ့ဝင် ၁၉ ဦးဖြင့် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

နည်းဥပဒေများကို မကြာမီပြင်ဆင်ထုတ်ပြန်နိုင်တော့မည်

၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုလည်း ခေတ်နှင့်လျော်ညီမှုရှိစေရန်အတွက် စိစစ်ပြင်ဆင်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွင် “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ” ကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ပြင်ဆင်သည့်ဥပဒေအရ မူးယစ်ဆေးသုံးစွဲသူများအား အပြစ်ပေးအရေးယူခြင်းမရှိဘဲ ဆေးကုသပေးခြင်းနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြင်ဆင်သည့်ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နည်းဥပဒေများကိုလည်း မကြာမီ ပြင်ဆင်ထုတ်ပြန်နိုင်တော့မည်ဖြစ်ပါသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လက်အောက်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကိုလည်း တပ်ဖွဲ့ခွဲ ၁၀ ခွဲ၊ တပ်ဖွဲ့စု ၆၅ စု တို့ဖြင့် ဖွဲ့စည်းထားရှိရာမှ ၂၀၂၂ ခုနှစ် အတွင်း အမှတ်(၁၁) X–Ray စက် တပ်ဖွဲ့ခွဲနှင့် X–Ray စက် တပ်ဖွဲ့စု ၆ စုတို့ကို ထပ်မံတိုးချဲ့၍ ခေတ်မီရှာဖွေရေးကိရိယာများ၊ မူးယစ် ဆေးဝါးဓာတ်ခွဲကိရိယာများ၊ ခေတ်မီရွှေ့ပြောင်းသယ်ယူစမ်းသပ်သည့် ကိရိယာများ၊ လုပ်ငန်းသုံးအဆင့်မြင့်ကိရိယာများကို ဝယ်ယူတပ်ဆင်ကာ မူးယစ်ဆေးဝါးသယ်ဆောင်မှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း မဲခေါင်(MoU) ၆ နိုင်ငံပါဝင်သော Operation 1511 ကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ-လာအို- ထိုင်း ၃ နိုင်ငံပူးပေါင်း၍ ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ Operation 1511/ 22 ကို လည်း ကောင်း ဆောင်ရွက်ခဲ့မှုကြောင့် ရွှေတြိဂံဒေသသို့ ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်မှုထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါးများ ပြင်ပဒေသသို့ ပျံ့နှံ့မှုမရှိစေရေး ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် ခေတ်မီရှာဖွေရေးကိရိယာများ တပ်ဆင်အသုံးပြု ဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးသယ်ဆောင်သူများသည် ရှောင်ကွင်းလမ်းများကို အသုံးပြုခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းများ ပြောင်းလဲလာခြင်း၊ သိုဝှက် သယ်ဆောင်ပုံနည်းစနစ်များ ပြောင်းလဲလာခြင်းနှင့် ပင်လယ်ရေကြောင်းအသုံးပြု၍ သယ်ဆောင်ရောင်းဝယ်ခြင်းတို့ကို ပိုမိုအသုံးပြုလာကြောင်း တွေ့ရှိရပါသည်။

ဓာတုပစ္စည်းများသည် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ ကုန်ထုတ်လုပ်ငန်းများနှင့် သယံဇာတတူးဖော်ရေးလုပ်ငန်းများတွင်လည်းကောင်း မရှိမဖြစ်အသုံးပြုလျက်ရှိကြပါသည်။ သို့ရာတွင် ဓာတုပစ္စည်းအသုံးပြု၍ မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာသို့ တရားမဝင်ရောက်ရှိပြီး လူလုပ်မူးယစ်ဆေးဝါးမျိုးစုံကို အသွင်ပြောင်းဓာတုပစ္စည်းများ (Designer Precursor)အသုံးပြု၍ ထုတ်လုပ်လာသည့်အတွက် စိုးရိမ်ဖွယ်ရာများ ဖြစ်ပေါ်လျက်ရှိပါသည်။

စောင့်ကြည့်မှတ်တမ်းတင်ဆောင်ရွက်

သို့အတွက်ကြောင့် ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေးအတွက် ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ဖွဲ့စည်း၍ ထိန်းချုပ်ဓာတု ပစ္စည်းကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့တွင်ပါဝင်သည့် ဌာနများအနေဖြင့်လည်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေး ပြည်သူလူထုနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ဘိန်းချက်စခန်းများနှင့် စိတ်ပြောင်းဆေးဝါးများ ချက်လုပ်ရာနေရာများမှ ဖမ်းဆီးရမိသည့် ဓာတုပစ္စည်းများအား မှတ်တမ်းတင်သုတေသနပြုထားရန်နှင့် ထိန်းချုပ်ထားခြင်းမရှိသော ဓာတုပစ္စည်းများတွေ့ရှိပါက သက်ဆိုင်ရာဌာနများအနေဖြင့် စောင့်ကြည့်မှတ်တမ်းတင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့် ဓာတုပစ္စည်းများတင်သွင်းမှုကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှု စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်းစစ်ဆေးရေးအဖွဲ့များနှင့်လည်း လမ်းလွဲမရောက်ရှိစေရေး အနီးကပ်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ဓာတုပစ္စည်းအများဆုံးထွက်ရှိသော အိမ်နီးချင်းစက်မှုဖွံ့ဖြိုးနိုင်ငံကြီးများအကြား တည်ရှိနေသည့်အတွက် တရားမဝင်ဓာတုပစ္စည်းများ တားမြစ်ထိန်းချုပ်ရေးမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ် လာသဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်လည်း သတင်းဖလှယ်၍ ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်အစိုးရသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ဘိန်းစိုက်တောင်သူများ၏ လူနေမှုဘဝမြင့်မားစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အကူအညီများရယူလျက် အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဘိန်းစိုက်ပျိုးရာဒေသများတွင် လမ်းတံတားများ တည်ဆောက်ပေးခြင်း၊ ရေနှင့်စွမ်းအင်ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးမြေဖော်ထုတ်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေး ခြင်း၊ ဓာတ်မြေဩဇာများခွဲဝေပေးခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းများပေးခြင်း၊ ဒေသနှင့်ကိုက်ညီသည့် တစ်ပိုင်တစ်နိုင် သားငါးမွေးမြူရေးဆိုင်ရာလုပ်ငန်းများ စီမံပေးခြင်း စသည့် အခြေခံလိုအပ်ချက်များကို နိုင်ငံတော်၏ ရန်ပုံငွေအမြောက်အမြားကုန်ကျခံ၍ ဘိန်းစိုက်ပျိုးမှုလျှော့ချရေးကို ဆောင်ရွက်လျက်ရှိပါသည်။

အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်

မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးအတွက် ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်သည့် လုပ်ငန်းစဉ်ဖြစ်သည်နှင့်အညီ ကျောင်းသားလူငယ်များ အသိပညာပေးရေးအနေဖြင့် အခြေခံသင်ရိုးညွှန်းတမ်းများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကြိုတင်ကာကွယ်ရေးအတွက် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်များကို သင်ကြားပေးလျက်ရှိပြီး ပညာပေးရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့က ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုအတွင်းမူးယစ် ဆေးဝါးအန္တရာယ်အသိပညာများ တိုက်ရိုက်ရောက်ရှိစေရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါ သက်ရောက်မှုများကြောင့် ကန့်သတ်ချက်များရှိနေသော်လည်း ကူးစက်ရောဂါ လျော့ပါးသက်သာလာသည်နှင့်အမျှ အသိပညာပေးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါသည်။

မူးယစ်ဆေးစွဲသူများ ဆေးကုသမှုခံယူနိုင်စေရေးနှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ မူးယစ်ဆေးစွဲရောဂါကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၉ ခုနှင့် ဘိန်းအမျိုးအစား မူးယစ်ဆေးစွဲရောဂါလူနာများအတွက် မက်သာဒုံး ဆေးခန်း ၈၉ ခု ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း မူးယစ်ဆေးစွဲသူ ၂၆၃၁၈ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၂၅၈၁၆ ဦးကို မက်သာဒုံးဆေး တိုက်ကျွေးနိုင်ခဲ့ပါသည်။

ပြန်လည်ထူထောင်ရေးစခန်း ၁၄ ခု ဖွင့်လှစ်နိုင်ခဲ့

မူးယစ်ဆေးဖြတ်ပြီးသူများ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပြန်လည်ထူထောင်ရေးစခန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ပြန်လည်ထူ ထောင်ရေးစခန်း ၁၄ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဒေသအသီးသီးတွင် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူများ ကုသရေးနှင့်ပြန်လည်ထူထောင်ရေးသင်တန်းများကို ဝက်ထီးကန်၊ မန္တလေး၊ မြစ်ကြီးနားနှင့် ကျိုင်းတုံမြို့များတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂကွန်ဗင်းရှင်း ၃ ခု၌ ပါဝင်လက်မှတ်ရေးထိုးထားပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့(AFP)၊ အမေရိကန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စီမံခန့်ခွဲမှုအဖွဲ့ (DEA)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်(NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB) စသည့် အဖွဲ့အစည်းများနှင့်လည်း မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ မူးယစ်တားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့အနေဖြင့်လည်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးနိုင်သမျှ နည်းလမ်းအားလုံးအသုံးပြု၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် ကုလသမဂ္ဂမှပေးပို့လာသော ဆောင်ပုဒ်ဖြစ်သည့် “Addressing drug challenges in health and humanitarian crises” “လူသားချင်းစာနာကျန်းမာဖို့၊ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့။” ဆိုသည့်အတိုင်း ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုတို့အတွက် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် စိန်ခေါ်မှုများကို ဌာနဆိုင်ရာအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံးမှလည်း ပူးပေါင်းပါဝင်တိုက်ဖျက်ပေးကြရန် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့အပ်ပါသည်။