လှမျိုးနွယ်
နေပြည်တော်တွင် ၉-၉-၂၀၁၉ ရက်နေ့နှင့် ၁၀-၉-၂၀၁၉ ရက်နေ့တို့က နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခဲ့သည့် ကုလသမဂ္ဂ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ဂုဏ်ပြုကြိုဆိုသည့် ဆောင်းပါးတစ်စောင်ကို ၉-၉-၂၀၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖတ်ရှုခဲ့ရပါသည်။ ဤကဲ့သို့သော အလုပ်ရုံ ဆွေးနွေးပွဲကို အာရှဒေသတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့ခြင်းကို ဝမ်းမြောက်ဂုဏ်ယူမိပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စာရေးသူပါဝင် တက်ရောက်ခွင့်ကြုံခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်ရှိ ရှားပါးသဘာဝ သယံဇာတများ၊ ရှားပါးသတ္တုများကို မကြာမီနှစ်ကာလများ၌တူးဖော်၊ ထုတ်လုပ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံအများစုတို့၏ ကြိုးပမ်းချက်များ၊ အောင်မြင်မှုအဆင့်သို့ နီးကပ်လာနေပြီဖြစ်သည့် နိုင်ငံအချို့၏ ကြိုးပမ်းလုပ်ဆောင်ချက်များကို လေ့လာခွင့် ရခဲ့ပါသည်။ ထို့အတူ ကမ်းရိုးတန်းနိုင်ငံ၏ ကမ်းလွန်ရေတိမ်ပိုင်းကို ရေမိုင် ၂၀၀ ထက်ကျော်လွန်တိုးချဲ့ရန် ကုလသမဂ္ဂ၏ ခွင့်ပြုဆုံးဖြတ်ချက် ရထားပြီးဖြစ်သည့် နိုင်ငံများ၏ သတ္တု၊ သယံဇာတရှာဖွေရေး ကြိုးပမ်းခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကိုပါ တစေ့တစောင်း သိခွင့်ရခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့
အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့ (အတိုကောက်အားဖြင့် “အာဏာပိုင်အဖွဲ့” ဟု သုံးစွဲပါသည်။) သည် ကုလသမဂ္ဂပင်လယ်ဥပဒေ ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော်ရန် ဖွဲ့စည်းခဲ့သော ကိုယ်ပိုင်အုပ်ချုပ် ဆောင်ရွက်ခွင့်ရှိသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ ယင်းအဖွဲ့က ကြီးကြပ်ဆောင်ရွက်နေသော အဓိကလုပ်ငန်း တာဝန်(၂) ရပ်ရှိပါသည်။ ပထမတာဝန်မှာ ကမ္ဘာ့နိုင်ငံများ၏ အချုပ်အခြာအာဏာသက်ရောက်ရာ ပင်လယ်ဧရိယာဇုန်များ၏ ပြင်ပသို့ ကျရောက်နေပြီး အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် (International Seabed) ဟု သတ်မှတ်ထားသော ဧရိယာတွင် သတ္တု၊ သယံဇာတများကို စမ်းသပ်၊ ရှာဖွေရန်ခွင့်ပြုချက်ရပြီးဖြစ်သည့် စီးပွားရေးလုပ်ငန်းအဖွဲ့ကြီးများ (International Firm) အားကြီးကြပ်ကွပ်ကဲရန် ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်ခွင့်ရရန်အတွက် အာဏာပိုင်အဖွဲ့ (Auth-ority) က သတ်မှတ် ထားသော ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ခွင့်ပြုချက် ရယူရန်လိုပါသည်။
ဒုတိယတာဝန်မှာ အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် (International Seabed) တွင် ရှာဖွေတွေ့ရှိနိုင်သော သတ္တု၊ သယံဇာတများကို “လူသားတစ်ရပ်လုံး ၏ဘုံအမွေအနှစ်” (Common Heritage of Mankind)အဖြစ်သတ်မှတ်ပြီး ပေါ်ထွက် လာသော ဘဏ္ဍာရေး၊ စီးပွားရေးအကျိုးအမြတ်များကို နိုင်ငံများအား အချိုးကျ ခွဲဝေခံစားခွင့်ပြုရေးအတွက် ကုလသမဂ္ဂ ပင်လယ်ဥပဒေ ကွန်ဗင်းရှင်း၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ဖွဲ့စည်းထားသော Enterprise ဟု ခေါ်ဆိုသည့် လုပ်ငန်းအဖွဲ့၏ ပြင်ဆင်ဆောင်ရွက်ချက်များကို ကြီးကြပ်ကွပ်ကဲရန်ဖြစ်ပါသည်။ အာဏာပိုင်အဖွဲ့က ချမှတ်ထား သော ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ လုပ်ကိုင်ရန်ကြပ်မတ်ရမည် ဖြစ်ပါသည်။
ပင်လယ်ဥပဒေကွန်ဗင်းရှင်း စတင်ရေးဆွဲခဲ့စဉ်ကပင် အလွန်အဖိုးတန်သော သဘောတရားတစ်ရပ်အဖြစ် နိုင်ငံများ၏ အချုပ်အခြာ အာဏာသက်ရောက်ရာ ပြင်ပရှိအပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အား “လူသား တစ်ရပ်လုံး၏ ဘုံအမွေအနှစ်” အဖြစ် ထူးခြားစွာ သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပင်လယ်ကြမ်းပြင်အား ငြိမ်းချမ်းစွာ အသုံးပြုမှုအပါအဝင် ရှာဖွေတွေ့ရှိသော သယံဇာတများအား လူသားထုတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် တရားမျှတစွာ၊ ပွင့်လင်းမြင်သာ မှုရှိစွာဖြင့် ခွဲဝေရယူရေး သဘောတရားဖြစ်ပါသည်။
အာဏာပိုင်အဖွဲ့က လိုက်နာဆောင်ရွက်ရမည့် အထွေထွေမူဝါဒကို “ကောင်စီ” အမည်ရှိ လက်အောက်ခံအဖွဲ့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ချမှတ်နိုင်ပါသည်။ ယေဘုယျစည်းမျဉ်းအဖြစ် အာဏာပိုင်အဖွဲ့နှင့် ယင်းလက်အောက်ခံအဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်ကို အများသဘောတူဆန္ဒဖြင့် ချမှတ်ရန်သတ်မှတ်ထားပါသည်။
အာဏာပိုင်အဖွဲ့သည် ရှားပါးအဖိုးတန်သယံဇာတ အမျိုးအစားသုံးခုအား အတ္တလန္တိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ၊ ပစိဖိတ် သမုဒ္ဒရာများတွင် စမ်းသပ်ရှာဖွေ တူးဖော်ရေးလုပ်ဆောင်ရန် တင်သွင်းသော လုပ်ငန်း အဆိုပြုလွှာများကို စိစစ်ခွင့်ပြုပေးရန် တာဝန်ယူရပါသည်။ ဖော်ပြပါ ပင်လယ်သမုဒ္ဒရာဧရိယာသည် စတုရန်းကီလိုမီတာအားဖြင့် ၁ ဒသမ ၃ သန်းခန့် အကျုံး ဝင်ပြီးယင်းဧရိယာမှာ ပင်လယ်ကြမ်းပြင်တစ်ခုလုံး၏ ၁ ရာခိုင်နှုန်းမျှသာရှိကြောင်း သိရှိရပါသည်။ သတ်မှတ်ထားသော ပင်လယ်သမုဒ္ဒရာများတွင် ရှာဖွေတူးဖော်ရန်အတွက် ပင်လယ်ဥပဒေကွန်ဗင်းရှင်း အဖွဲ့ဝင်တစ်နိုင်ငံချင်းက လျှောက်ထား ခွင့်ရှိသကဲ့သို့ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းအဖွဲ့ကြီးများက လျှောက်ထားလိုလျှင် ယင်းတို့ မိခင်နိုင်ငံ၏ တာဝန်ခံမှုဖြင့်် လျှောက်ထားနိုင်ပါသည်။
လျှောက်ထားသူသည် မည်သူပင်ဖြစ်စေ သက်ဆိုင်ရာနိုင်ငံက တာဝန်ယူကြောင်း ကြေညာချက်ထုတ်ပြန်ခြင်း၊ မိမိတို့တာဝန်ခံ ထားသော ကန်ထရိုက်တာအား လုပ်ငန်းလုပ်ကိုင်ခွင့် ရပ်စဲခွင့်၊ ယင်းတို့၏ လွဲမှားသော သို့မဟုတ် တမင်ရည်ရွယ် လုပ်ဆောင်သော မှားယွင်းမှုများကြောင့် ပေါ်ပေါက်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်နစ်နာမှုအတွက် ဥပဒေအရ တာဝန်ယူမှု ပြုစေရန် အစရှိသော စည်းကမ်းသတ်မှတ်ချက်များကို အပြည့်အဝလိုက်နာ ဆောင်ရွက်ရန်လိုပါသည်။
အာဏာပိုင်အဖွဲ့နှင့်အလားတူအခြားအဖွဲ့အစည်းများ
အာဏာပိုင်အဖွဲ့၏ ကြီးကြပ်မှုအောက်တွင် အဓိက အဖွဲ့အစည်းအဖြစ် ညီလာခံ(Assembly)နှင့် ကောင်စီ(Council)ကို လည်းကောင်း၊ ယင်းကောင်စီအား အကြံဉာဏ်ပေးရန် ဥပဒေနှင့် နည်းပညာဆိုင်ရာကော်မတီကို လည်းကောင်း၊ ဘတ်ဂျက်နှင့် ဆက်စပ်သောငွေကြေးကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ရန် ဘဏ္ဍာရေးကော်မတီ ကိုလည်းကောင်း၊ အာဏာပိုင်အဖွဲ့က တာဝန်ယူ ကြပ်မတ်ဆောင်ရွက်ရမည့် သတ္တုရှာဖွေရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်နှင့် အဆင်သင့် ဖြစ်ချိန်တွင် လက်တွေ့ရှာဖွေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် Enterprise အဖွဲ့ကိုလည်းကောင်း ဖွဲ့စည်းထားပါသည်။
အာဏာပိုင်အဖွဲ့၏ ကြီးကြပ်မှုဖြင့်် ဖွဲ့စည်းထားသော အတွင်းရေးမှူးရုံး (Secretariat) သည် အခြားလုပ်ငန်း များအပြင် သုတေသနသင်္ဘောကြီးများဖြင့် သုတေသန ပြုလုပ်ခြင်း၊ ပင်လယ်နက်ပိုင်းရှိ သတ္တု၊ သယံဇာတနမူနာ များ ရယူ၍အကဲဖြတ်ခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများက သိပ္ပံပညာ ရှင်များနှင့် နည်းပညာကျွမ်းကျင်သူများအား သင်တန်းပေး ရန်အတွက် ဖွံ့ဖြိုးမှုရန်ပုံငွေများရှာဖွေခြင်းတို့ကို လုပ်ကိုင်ရပါသည်။
အလုပ်ရုံဆွေးနွေးပွဲကရရှိသောဒေတာ၊
သတင်းအချက်အလက်များ
အလုပ်ရုံဆွေးနွေးပွဲတွင် ယေဘုယျအားဖြင့် အောက်ပါလုပ်ငန်း ဆောင်ရွက်ချက်များကို လေ့လာသိရှိခွင့်ရခဲ့ပါသည်-
- ကုလသမဂ္ဂပင်လယ်ဥပဒေကွန်ဗင်းရှင်း၏ အဓိကကျသော ပြဋ္ဌာန်းချက်များနှင့် တောင်နှင့်အရှေ့တောင်အာရှဒေသအတွက် အကျိုးသက်ရောက်မှု၊
- ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့၏ လုပ်ငန်းတာဝန်နှင့် ဖွဲ့စည်းပုံ၊
- ပင်လယ်ဥပဒေနှင့်အဏ္ဏဝါရေးရာဆိုင်ရာဌာန၏လုပ်ငန်းများ၊
- ကမ်းရိုးတန်း နိုင်ငံများ၏ ကမ်းလွန်ရေတိမ်ပိုင်းကို ရေမိုင် ၂၀၀ ထက်ကျော်လွန် တိုးချဲ့ခွင့်ရရေးအတွက် ကုလသမဂ္ဂ၊ ကမ်းလွန်ရေတိမ်ပိုင်း နယ်နိမိတ်တိုးချဲ့ရေး ကော်မရှင်သို့တင်သွင်းချက်များ၊
- အာဏာပိုင်အဖွဲ့နှင့် ယင်းလက်အောက်ခံအဖွဲ့ အစည်းများ၊ အာဏာပိုင်အဖွဲ့နှင့် တန်းတူဖွဲ့ထားသော အဖွဲ့အစည်းများက ထုတ်ပြန်ထားသော ဥပဒေ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းပါ ယေဘုယျသတ်မှတ်ချက်များ၊
- အာဏာပိုင်အဖွဲ့၏ ပထမဆုံး ဦးစားပေးလုပ်ငန်းအဖြစ် Polymetallic Nodules ၏ အနာဂတ် အလားအလာနှင့် တူးဖော်ထုတ်လုပ်နိုင်မှုတို့နှင့် စပ်လျဉ်း၍ ၁၃-၇-၂၀၀၀ ရက်နေ့က ထုတ်ပြန်ပြီး ၂၅-၇-၂၀၁၃ ရက်နေ့တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ သည့် နည်းဥပဒေ(အထူးသဖြင့် ပင်လယ်ကြမ်းပြင်ရှိ သတ္တု၊ သယံဇာတများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ပင်လယ်သဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးအတွက် လိုက်နာရန် ကန့်သတ်ချက်၊ သတ်မှတ်ချက်များ။)
- Polymetallic Sulphides ရှာဖွေတူးဖော်ခြင်းနှင့် စပ်လျဉ်း၍ ၇-၅-၂၀၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် နည်းဥပဒေနှင့် Cobalt–rich Crusts ရှာဖွေ တူးဖော်ခြင်းအတွက် ၂၇-၇-၂၀၁၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့်နည်းဥပဒေပါယေဘုယျ သတ်မှတ် ချက်များ၊
- ပင်လယ်ကြမ်းပြင်သယံဇာတများနှင့် သက်ဆိုင်သည့် အကဲဖြတ်မှတ်တမ်းပြုစုသည့် လုပ်ငန်းအစီအစဉ်၊ Database နှင့် သတင်းအချက်အလက်များ၊ ပင်လယ်၏ အလွန်နက်ရှိုင်းသော အပိုင်းတွင်ရှိနေသော သယံဇာတဆိုင်ရာ သိပ္ပံသုတေသန လုပ်ငန်းများကို Enterprise အဖွဲ့က ကြီးကြပ်ခြင်း၊
- ကန်ထရိုက်တာများ၏ အခန်းကဏ္ဍနှင့် တာဝန်ယူမှုသတ်မှတ်ခြင်း၊
- ရေနက်ပိုင်းပင်လယ်ကြမ်းပြင်ရှိ သတ္တုတူးဖော် ရေးကပေါ်ထွက်လာမည့်ဘဏ္ဍာရေးနှင့် စီးပွားရေး အကျိုးအမြတ်များကို နိုင်ငံများအကြား မျှတစွာခွဲဝေရေးအတွက် အာဏာပိုင်အဖွဲ့၏ အခန်းကဏ္ဍ ( လူသားထုတစ်ရပ်လုံး၏ ဘုံအမွေအနှစ်အဖြစ် အကျိုးအမြတ်ကို နိုင်ငံများအကြား ခွဲဝေရယူရေး ရည်မှန်းချက်အား လက်တွေ့ခံစားရမည့်အချိန် ကာလမှာ ခန့်မှန်းခြေအားဖြင့် အစောဆုံး ၂၀၃၀- ၂၀၄၀ ပြည့်နှစ် များတွင်မှဖြစ်မည်ဟုခန့်မှန်းကြပါသည်။)
- “အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်” တွင် စမ်းသပ်၊ ရှာဖွရေး ဆောင်ရွက်ချက်များကြောင့် ပေါ်ပေါက်လာနိုင်သော အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် တာဝန်နှင့်အဏ္ဏဝါသိပ္ပံ သုတေသနလုပ်ငန်းများ အတွက် လိုက်နာရန် ဥပဒေပြဋ္ဌာန်းခြင်း၊
- အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်ဧရိယာတွင် စမ်းသပ်ရှာဖွေရေးမှ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းအဆင့်ထိ ပြောင်းလဲ လုပ်ကိုင် ရမည့်ကာလတွင်းလိုက်နာရန် ဥပဒေမူဘောင်များ သတ်မှတ်ခြင်း၊
- အာဏာပိုင်အဖွဲ့ထံ မှတ်ပုံတင်ထားသော စီးပွားရေးလုပ်ငန်းရှင်များက အဆိုပြုတင်ပြသည့် လုပ်ငန်းစီမံချက်သည် ပင်လယ် ဥပဒေကွန်ဗင်းရှင်း၊ ယင်း၏စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်သည်ဟု အာဏာပိုင်အဖွဲ့ကယူဆလျှင် ခွင့်ပြုနိုင်ခြင်း၊
- လုပ်ငန်းစီမံချက်လျှောက်ထားရာတွင် ယင်းတို့ အဆိုပြုသော ရှာဖွေတူးဖော်မှုများကြောင့် အဏ္ဏဝါ သဘာဝပတ်ဝန်းကျင်အား နောက်ဆက်တွဲ အကျိုးသက်ရောက်မှုဖြစ်စေနိုင်သော အလားအလာများကို သုံးသပ်တင်ပြ ရန်လိုခြင်း၊ ထို့အတူ သဘာဝ ပတ်ဝန်းကျင်ကာကွယ်ရေးအတွက် အခြေခံသုတေသန ပြုလုပ်မှုဆိုင်ရာ အစီအစဉ်များကိုပါ တစ်ပါတည်း တင်ပြရန်လိုခြင်း။
- လုပ်ငန်းစီမံချက်ကို ကောင်စီက ကျေနပ်လက်ခံလျှင် (၁၅)နှစ်ကာလအတွက်ရှာဖွေ တူးဖော်ခွင့်ရှိသည့် ကန်ထရိုက်စာချုပ်ကို ချုပ်ဆိုနိုင်ခြင်း၊ ကန်ထရိုက်စာချုပ် သက်တမ်းစေ့လျှင်(၅) နှစ်ထက်မပိုသောကာလအတွက် သက်တမ်းတိုးပေးရန် တောင်းဆို ခွင့်ရှိခြင်း၊
- မူလလုပ်ငန်းစီမံချက်နှင့််အညီ သယံဇာတ ရှာဖွေရေးအတွက် ပြင်ဆင်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ရာတွင် ကန်ထရိုက်တာသည် သဘောရိုးဖြင့် ကြိုးပမ်းဆောင်ရွက်ကြောင်း ထင်ရှားလျှင်ယင်း၏ ကန်ထရိုက်သက်တမ်းကို ထပ်မံတိုးမြှင့်် ပေးနိုင်ခြင်း၊
- သတ္တု၊ သယံဇာတစမ်းသပ်ရှာဖွေတူးဖော်ရေး လုပ်ငန်းလုပ်ကိုင်ခွင့်ရသော ကန်ထရိုက်တာများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် သင်တန်းအစီအစဉ်များကို အာဏာပိုင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ချမှတ်ရန်လိုခြင်း၊
- သင်တန်း၏ အဓိကရည်ရွယ်ချက်အဖြစ် (က) တူးဖော်ရှာဖွေမည့် နည်းပညာ (methodo-logies)၊(ခ) ခေတ်မီနောက်ဆုံးပေါ် အသုံးချနည်းပညာ (technologies)၊ (ဂ)လိုက်နာရန် ချမှတ်ထားသည့် ဥပဒေမူဘောင်တို့ကို မျှဝေရန်ဖြစ်ခြင်း၊
- အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်တွင် လုပ်ကိုင်နေသော သိပ္ပံဆိုင်ရာအဏ္ဏဝါ သုတေသနလုပ်ငန်း၊ ယင်းလုပ်ငန်းတွင် စိတ်ပါဝင်စားသော နိုင်ငံများက သိပ္ပံပညာရှင်များ (Scientists)၏ ပါဝင်နိုင်မှု အခွင့်အလမ်းများကိုလည်းကောင်း၊ ပင်လယ်ရေ နက်ပိုင်း ရှာဖွေစမ်းသပ်မှု၊ အထူးသဖြင့် သတ္တုတူးဖော်မှုများ ပြုလုပ်ချိန်တွင် ယင်းကြောင့် ပင်လယ်ကြမ်းပြင်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမဖြစ်စေရေးအတွက် လိုက်နာရန် စံချိန်စံနှုန်းများကိုလည်းကောင်း၊ သိပ္ပံပညာဆိုင်ရာ အဖွဲ့အစည်းများက စုဆောင်းထုတ်ပြန်ထားသော ဒေတာနှင့် သတင်းအချက်အလက်များကိုလည်းကောင်း၊ ကုလသမဂ္ဂ ပင်လယ်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများကို အသိပေးခြင်း၊
- အပြည်ပြည်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူပညာရှင်၊ သိပ္ပံပညာရှင်များအား စုဝေး၍ အာဏာပိုင်အဖွဲ့၏ လုပ်ငန်းနှင့် အဏ္ဏဝါဆိုင်ရာ သတ္တု၊ သယံဇာတ အရင်းအမြစ်များနှင့် သက်ဆိုင်သော အမြင်ဖလှယ်ခြင်း၊ ဆွေးနွေးခြင်းအတွက် ရည်ရွယ်သည့် ဒေသတွင်း ဆွေးနွေးပွဲများကျင်းပခြင်း၊ အဏ္ဏဝါ၊ သတ္တုများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သိပ္ပံသုတေသန လုပ်ငန်းများ တိုးတက်စေရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ထိရောက်စွာ မြှင့်တင်နိုင်မည့် ယန္တရားကို ရှာဖွေခြင်း၊ ရှာဖွေတူးဖော်ရန် အလားအလာရှိမည့် သယံဇာတများနှင့် သက်ဆိုင်သောဒေတာ အချက်အလက်များကို စုဆောင်းခြင်း၊ ဆန်းစစ်အကဲဖြတ်ခြင်း တာဝန်၊
- အာရှဒေသနိုင်ငံများအနက် ပင်လယ်ကြမ်းပြင်ဆိုင်ရာ သတ္တု၊ သယံဇာတများ စမ်းသပ်ရှာဖွေခြင်း၊ သုတေသနပြုခြင်း လုပ်ငန်းများတွင် ထိပ်ဆုံး၌ရောက်ရှိနေပြီဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုအား ကာကွယ်နိုင်မည့် စီးပွားရေးစနစ် ဖော်ဆောင်ရာတွင် ဒေသတွင်းနိုင်ငံများအား အကူအညီပေးရန်၊ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ အကူအညီပေးရန်အတွက် အာဏာပိုင်အဖွဲ့၏ ပံ့ပိုးမှုဖြင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ကမ်းလှမ်းခြင်း၊ သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသောဒေသတွင်းနိုင်ငံများက သင်တန်းသားများကိ ုရွေးချယ်သင်တန်းပေးခြင်း၊
- ပင်လယ်ကြမ်းပြင်ရေနက်ပိုင်း၌ တွေ့ရှိရသော သယံဇာတများကို အနာဂတ်ကာလတွင် ထုတ်လုပ်ခြင်းကြောင့် အလားတူ သယံဇာတ ထုတ်လုပ်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်နိုင်စေမည့် အခြေအနေပေါ်ပေါက်လျှင် ယင်းနိုင်ငံများကို အာဏာပိုင်အဖွဲ့၏ ရန်ပုံငွေမှ အထောက်အပံ့ပေးရန် လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ သို့မဟုတ် ဒေသတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အကူအညီနှင့် ကျွမ်းကျင်မှုကိုလည်းကောင်း အာဏာပိုင်အဖွဲ့က ရယူနိုင်ခြင်း၊
- ရှာဖွေတူးဖော်ရေးသင်္ဘော (exploration cruises)များ၊ ရှားပါးသတ္တုများ တူးဖော်မည့် ဒီဇိုင်း၊ တူးဖော်မည့်စနစ်၊ အကြီးစား စက်ပစ္စည်းများ၊ ပင်လယ်သမုဒ္ဒရာတွင်း အစမ်းလေ့ကျင့်မှုများနှင့် စပ်လျဉ်း၍ အချို့သော စီးပွားရေးလုပ်ငန်းကြီးများ၏ ပြင်ဆင်ဆောင်ရွက်မှုကို လေ့လာသိရှိခွင့်ရခြင်း၊
- သုတေသနရလဒ်များအရ ပစိဖိတ်သမုဒ္ဒရာ အရှေ့တောင်ပိုင်းနှင့် မြောက်ဘက်အလယ် ဗဟိုပိုင်းတို့တွင် တွေ့ရှိနိုင်သည့် အချို့သော ရှားပါးသယံဇာတပမာဏသည် တစ်ကမ္ဘာလုံးတွင် ယခုလက်ရှိထုတ်လုပ်နေသော ပမာဏ၊ အရည်အသွေးထက် အဆပေါင်းများစွာ ရှိနေသည်ကို သိရှိခွင့်ရခြင်း၊ ထို့အတူ ကမ္ဘာ့ဈေးကွက်တွင် ယခုအခါ လျော့နည်းကျဆင်းစပြုနေပြီ ဖြစ်သည့် သတ္တု အမျိုးအစားအချို့သည် နက်ရှိုင်းသော ပင်လယ်ကြမ်းပြင်ဧရိယာ၌ အမြောက်အမြားရှိနေဆဲဖြစ်ကြောင်း သိရှိခွင့်ရခြင်း၊
- မော်တော်ယာဉ်ထုတ်လုပ်ရေး၊ ကွန်ပျူတာ၊ laptop၊ မိုဘိုင်းလ်တယ်လီဖုန်းများ၊ အဆင့်မြင့် ဘက်ထရီအစရှိသည့် လျှပ်စစ် ပစ္စည်းများတွင် အသုံးပြုနေကြရပြီး လက်ရှိကမ္ဘာ့စျေးကွက်တွင် တန်ဖိုးကြီးမားသော သတ္တုအမျိုးအစားများသည် ကမ္ဘာတွင် ရှားပါးစပြုလာပြီဖြစ်သော်လည်း ပင်လယ်ကြမ်းပြင်တွင် အမြောက်အမြားရှိနေဆဲဟု သိခွင့်ရခြင်း၊
- အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာ ပိုင်အဖွဲ့၏ ဆောင်ရွက်ချက်လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်ချမှတ်သော လုပ်ငန်းစဉ်တွင် အာဆီယံနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန် အားပေးခြင်း၊
- တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နောင်တွေ့ရှိလာမည့် သတ္တုသယံဇာတများ စီမံ၊ ပြုပြင်၊ ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွင် ယင်းနိုင်ငံများ ပါဝင်နိုင်မည့်အခွင့်အရေးနှင့် အလားအလာများကို သိခွင့်ရခြင်း။
(ဆက်လက်ဖော်ပြပါမည်)