ရန်ကုန် ၂၄ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်သီရီ ဇေယျ နော်ရထာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်နိုင်ထွန်းက ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
ယင်းနောက် (actionaid Myanmar) အက်ရှင်အေဒ့်မြန်မာ စီမံကိန်းမန်နေဂျာ ဒေါ်ခင်ဝင်းကြည်က ဒလမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာ(၅)ရွာတို့အား ဘေးဒဏ် ကြံ့ကြံ့ခိုင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ စာသင်ကျောင်းအခြေပြု ဘေးအန္တရာယ် လျော့ပါးရေး အသိပညာပေး ဆွေးနွေးပွဲများ၊ ဘေးအန္တရာယ်ဆိုင်ရာ လျော့ပါးရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်းပေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ NGO၊ INGO၊ CSO အဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ အား အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံး တည်ဆောက်စို့” ဗွီဒီယို မှတ်တမ်း ပြသခြင်းနှင့် အသိပညာပေးဓာတ်ပုံများ၊ လက်ကမ်း စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ထို့အတူ မွန်းလွဲပိုင်းအချိန်တွင် ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းနှင့် မြို့နယ်အတွင်းရှိ ဈေးများတွင် ခရီးသွား မိဘပြည်သူများနှင့် ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ မေးခွန်းများမေး၍ အမှတ်တရလက်ဆောင်များ ပေးခြင်းအစီအစဉ်တို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)


