နေပြည်တော် အောက်တိုဘာ ၁၀
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက “၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်ဂုဏ်ပြု” တေး သီချင်းဖြင့် အခမ်းအနားကို စတင် ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယခုနှစ်တွင် “Fund Resilience, Not Disasters” “ဘေးဒဏ်ကြံ့ကြံ့ခံ နိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာ အရ ၂၀၂၄ ခုနှစ်သည် အပူဆုံးနှစ် တစ်နှစ်အဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သဘာဝဘေးဖြစ်ပွားမှုကို လေ့လာရာတွင် ရေဘေးခံစားရနိုင်ခြေရှိသည့် လူဦးရေသည် ၁၉၇၀ ပြည့်နှစ်တွင် ၂၈ ဒသမ ၁ သန်းမှ ၂၀၂၀ ပြည့်နှစ်တွင် ၃၅ ဒသမ ၁ သန်းအထိ ၂၄ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ မိုးခေါင်ရေရှားဘေးသည် လွန်ခဲ့ သည့် နှစ် ၂၀ ကျော်အတွင်း ၂၉ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ ကြောင်း၊ အပူပိုင်းမုန်တိုင်းကြောင့် နှစ်စဉ်ခန့်မှန်းခြေ ဆုံးရှုံးမှုတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၁၁၉ ဘီလီယံဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင်လည်း ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က ဖြစ်ပွားခဲ့ သည့် မန္တလေးငလျင်ကြီးကြောင့် လမ်း၊ တံတား၊ နေအိမ်၊ စာသင် ကျောင်းတို့အပြင် လျှပ်စစ်၊ ပို့ဆောင်ဆက်သွယ်ရေး စသည့် ကဏ္ဍပေါင်းစုံတွင် ထိခိုက်ပျက်စီး ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၇၉၇၉ ဘီလီယံကျော်ရှိခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင် လမ်းညွှန်မှု၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ အနီးကပ်ကြီးကြပ်မှု တို့ဖြင့် ငလျင်ဘေးအရေးပေါ် တုံ့ပြန်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့များ၊ ပြည်သူများ လက်တွဲညီစွာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း အရထိခိုက်ဆုံးရှုံးနိုင်ခြေ အမြင့်မား ဆုံးနိုင်ငံ ၁၀ နိုင်ငံအနက် ဆဋ္ဌမမြောက်နေရာတွင် ပါဝင်နေသဖြင့် သဘာဝဘေး လျော့ပါးရေး လုပ်ငန်းများကို ဦးစားပေး အဆင့်အနေဖြင့် အစဉ်တစိုက် အလေးထား လုပ်ဆောင်ကြရန် အလွန်အရေးကြီးကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို ထူထောင်ရာတွင် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍများ သာမက ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတိုင်းသည် သဘာဝဘေး လျော့ပါးရေးဆိုင်ရာ အစီအမံများတွင် ရန်ပုံငွေကို ပိုမိုထည့်သွင်း ရင်းနှီးမြှုပ်နှံကြခြင်း ဖြင့် ထိခိုက်ဆုံးရှုံးမှုကို လျော့နည်း အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guterres ၏ သတင်းစကားရုပ်သံ နှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် သဘာဝဘေးစီမံခန့်ခွဲမှု မှတ်တမ်းတင်ဗီဒီယိုတို့ကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့က အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


