မြင်းခြံ   ၂၄   စက်တင်ဘာ


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မဏိကဉ္စနာခန်းတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အကြိုအခမ်းအနား ကျင်းပခြင်းကို စက်တင်ဘာ ၂၄ ရက်  နံနက်(၉)နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အကြိုအခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်က အမှာစကား ပြောကြားရာတွင် မြင်းခြံခရိုင်အနေဖြင့် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ ထောက်ပံ့မှုကို(၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အကျုံးဝင်မှု အသက်(၈၅)နှစ်နှင့် အထက်အထိ လျော့ချသတ်မှတ်ခဲ့ပြီး၊ မြင်းခြံခရိုင်အတွင်းမှာလည်း ဘိုး/ဘွားဦးရေ(၉၅၇)ဦးမှ(၄၆၂၂)ဦးအထိ ပိုမိုထောက်ပံ့နိုင်ခဲ့ကြောင်း၊ 


ယခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားရဲ့ ဆောင်ပုဒ်ဖြစ်သော "အသက်ကြောင့် မခွဲခြား၊ တို့ဘိုးဘွား စွမ်းအားကူညီလျှောက်လှမ်းမည်" "The Joumey to Age Equality" ဖြစ်တာအညီ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်သွားကြပါ၊ ယနေ့ကြွရောက် ဂုဏ်ပြုခံ အဘိုး/အဘွား များနှင့်တကွ တစ်နိုင်ငံလုံးမှာရှိသော ဘိုး/ဘွားများအားလုံး ကျန်းမာ၊ ချမ်းသာပါစေကြောင်း ဂါဝရပြု ဆုမွန်ကောင်းပို့သပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ HelpAge International ဌာနေကိုယ်စားလှယ် Mr.Godfred paul မှကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ 


ထို့နောက် တက်ရောက်လာသော အဘိုး/အဘွားများအား ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ 


ဆက်လက်၍ တက်ရောက်လာသော ဂုဏ်ပြုခံ အဘွားအသက် (၁၀၂)နှစ်ရှိပြီဖြစ်သော ရွာစည်ကျေးရွာမှ အဘွားဒေါ်ကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ၊ HelpAge International ဌာနေကိုယ်စားလှယ် Mr.Godfred paul က ကူညီဆောင်ရွက်ပေးခဲ့ကြသော ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။


အဆိုပါ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အကြိုကျင်းပပြုလုပ်ရာသို့ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ HelpAge International ဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


ဦးဇော်မင်းနိုင်(မြင်းခြံ)

 

1