ရန်ကုန် ၁၃ ဒီဇင်ဘာ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် (၁/၂၀၁၉)ကြိမ်မြောက် တက္ကသိုလ်ကောင်စီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် တက္ကသိုလ် အစည်းအဝေးခန်းမ၌ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်(စီမံ)က အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ကောင်စီ၏ (၁/၂၀၁၈)ကြိမ်မြောက် အစည်းအဝေးမှတ်တမ်း၊ ပါရဂူတန်း(Ph.D) (ဗုဒ္ဓဓမ္မ) ဘွဲ့၊ မဟာဝိဇ္ဇာ(MA) (ဗုဒ္ဓဓမ္မ)ဘွဲ့နှင့် မဟာဝိဇ္ဇာ(BA) (ဗုဒ္ဓဓမ္မ)ဘွဲ့ အောင်မြင်ပြီး သူများစာရင်းတို့ကို ကောင်စီက အတည်ပြုနိုင်ရေး အမှာစာများ တင်ပြလျှောက်ထားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနကြီးမှူးဆရာတော်များ၊ အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် ပြင်ပတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ် ကောင်စီဝင်များက တက္ကသိုလ်၏ သင်ကြား/စီမံရေးရာကိစ္စရပ်များ၊ ပါရဂူ(ဗုဒ္ဓဓမ္မ)နှင့် မဟာဝိဇ္ဇာ(ဗုဒ္ဓဓမ္မ) သင်တန်းသားများအတွက် ကျမ်းရေးသားရမည့်ပုံစံ (Format)အား အတည်ပြုပေးနိုင်ရန် ကိစ္စရပ်များ၊ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(သင်ကြား) ရာထူး နေရာသို့ တိုးမြှင့် ခန့်အပ်ခြင်းကိစ္စနှင့် တက္ကသိုလ်ဥပဒေနှင့်အညီ တက္ကသိုလ်ကောင်စီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအနက် သတ်မှတ်ထုတ်ပြန်ပေးရန် လိုအပ်သည့် အမိန့်၊ ညွှန်ကြားချက်များကို ကောင်စီက ထုတ်ပြန်နိုင်ရေး အတည်ပြုပေးနိုင်ပါရန် ကိစ္စရပ်များ အပါအဝင် အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်