ရန်ကုန် ဇူလိုင် ၂၄
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ သင်ကြား သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘွဲ့ရပြည်ပနိုင်ငံများမှ သံအမတ်ကြီးများ၊ အတွင်းဝန်များနှင့် သံရုံးတာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ ဘွဲ့ရ သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ၏ သာရဏီယ အဖွင့်သြဝါဒကထာကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော် ဒေါက်တာဘဒ္ဒန္တနောဓိဉာဏ က ဖတ်ကြားတော်မူသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယနေ့ ကျင်းပသည့် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (ဗုဒ္ဓဓမ္မ) (၅) ပါး/ဦး၊ မဟာဝိဇ္ဇာဘွဲ့ (ဗုဒ္ဓဓမ္မ) (၄) ပါး/ဦး၊ ဝိဇ္ဇာဘွဲ့(ဗုဒ္ဓဓမ္မ) (၃၇) ပါး/ဦး၊ ဘွဲ့ရပုဂ္ဂိုလ် စုစုပေါင်း (၄၆)ပါး/ဦးကို သက်ဆိုင်ရာဘွဲ့များ ပေးအပ်မည်ဖြစ်ကြောင်း သိရ၍ ဗုဒ္ဓ၏တရားတော်များကို လေ့လာဆည်းပူးခဲ့ကြသည့် သင်တန်းသားများ၏ အောင်မြင်မှုကို လှိုက်လှဲစွာ ဂုဏ်ယူပါကြောင်း၊ ထို့ပြင် ဤတက္ကသိုလ်ဆင်း ပြည်ပ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များကို ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ သာသနာရေးဗျူရိုဌာနများနှင့် ယင်းနိုင်ငံများရှိ ဗုဒ္ဓဘာသာတက္ကသိုလ်များတွင် အဆင့်မြင့်ရာထူးများ ခန့်အပ်တာဝန်ပေးခြင်း ခံရသည်ဟု သိရသည့်အတွက် လွန်စွာကျေနပ်အားရမိပါကြောင်း၊ ဤတက္ကသိုလ်မှ သင်ကြား ဆရာတော်ကြီးများ အနေဖြင့်လည်း သင်တန်းသားများအား အရည်အချင်း ပြည့်ဝစေရန်နှင့် ၎င်းတို့ကို ဓမ္မလက်ဆောင် သင်ကြားဖြန့်ဝေပေးခြင်းဖြင့် ကမ္ဘာသူ ကမ္ဘာသားတို့၏ ကောင်းကျိုးများ ရရှိစေရန်အတွက် ကြိုးပမ်းနေကြကြောင်း သိရသဖြင့် သင်ကြားဆရာတော်များနှင့် သင်တန်းသားများအားလုံးအတွက် အထူးဂုဏ်ယူဝမ်းမြောက်ရပါကြောင်း လျှောက်ထားသည်။
ယင်းနောက် ပါမောက္ခချုပ်ဆရာတော်က ဘွဲ့ရကျောင်းသားများကို တက္ကသိုလ်အဓိဋ္ဌာန် အမေး/အဖြေပြုပြီး သင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်းပြည်ပ သင်တန်းသား/သူ စုစုပေါင်း (၄၆)ပါး/ဦးတို့ကို ဘွဲ့နှင့်အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းတော်မူသည်။
ဆက်လက်၍ ဝိဇ္ဇာဘွဲ့(ဗုဒ္ဓဓမ္မ)တန်းမှ ပညာရည်ချွန် ထူးချွန်ဆုရရှိသော (Gold Medallist) ထူးချွန်ရွှေတံဆိပ်ဆုရှင် မြန်မာရဟန်းတော် ဘဒ္ဒန္တပညာဝရ အား တက္ကသိုလ်က ချီးမြှင့်သည့် တစ်ကျပ်သား ရွှေစင်ရွှေပြားကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်လှူဒါန်း ချီးမြှင့်သည်။
ထို့နောက် ပါမောက္ခချုပ်ဆရာတော်က "ဘွဲ့မှတ်တမ်းမော်ကွန်းစာအုပ်" တွင် လက်မှတ်ရေးထိုးတော်မူပြီး ဘွဲ့ရကျောင်းသားများကို သြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ပနိုင်ငံများနှင့် ပြည်တွင်းမှ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်သင်ကြားလျက်ရှိကာ ယနေ့အချိန်ထိ တက္ကသိုလ်သို့ တက်ရောက်အောင်မြင်ခဲ့သော ပြည်တွင်း ပြည်ပ သင်တန်းသားများမှ ပါရဂူဘွဲ့ရရှိသူ (၄၅)ပါး/ဦး၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူ (၂၃၃)ပါး/ဦး၊ ဝိဇ္ဇာဘွဲ့ရရှိသူ (၈၄၁)ပါး/ဦး၊ ဒီပလိုမာအောင်လက်မှတ်ရရှိသူ (၁၂၇၆)ပါး/ဦး၊ စုစုပေါင်း (၂၃၉၅)ပါး/ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် ပြည်တွင်း/ပြည်ပ သင်တန်းသား စုစုပေါင်း (၃၁၁) ပါး/ဦး တက်ရောက် ပညာသင်ကြားလျက်ရှိသည်။
မြန်မာနိုင်ငံ၌ စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာကို ပြည်တွင်း၌သာမက ပြည်ပမှပါ မည်သူမဆို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင်စေရန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်ကြီးကို ဖွင့်လှစ်ခဲ့ပြီး ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာနှင့် ပါဠိဘာသာရပ်များ အပြင် သမထနှင့် ဝိပဿနာဟူသော ဗုဒ္ဓဓမ္မကိုပါ လက်တွေ့ကျကျ အထူးတာဝန်ယူ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်