အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး ဆောက်လုပ်ရန်အတွက် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး ဆောက်လုပ်ရန်အတွက် ရတနာအုတ်မြစ်တော်စီမဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ တက္ကသိုလ်ဒုတိယအဓိပတိ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ တက္ကသိုလ်ဩဝါဒစရိယ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ဦးဆောင်အလှူဒါယိကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြလှနှင့် မိသားစုဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ မဟာမင်္ဂလာအခမ်းအနားအစီအစဉ်ပထမပိုင်းကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဥပါသကာများက ရတနာအုတ်မြစ်တော်များနှင့် အုတ်မြစ်တော်စီရာတွင် အသုံးပြုမည့် ရွှေဒယ်များ၊ ရွှေသံလက်တော်များအား သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာတော်များရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်ဩဝါဒါစရိယ သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက်အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးက မင်္ဂလာအခါတော်စာတမ်းကိုဖတ်ကြားပြီး မင်္ဂလာအချိန်တွင် ဦးဆောင်အလှူဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်အလယ်ဗဟိုချက်တည့်တည့်၌ ပတ္တမြားရတနာအုတ်မြစ်တော်ကို စီသွင်းသည်။ ထိုအချိန်တွင် နိုင်ငံတော်ဩဝါဒါစရိယ သီတဂူဆရာတော်ကြီးက မဟာပထဝီဇယမန္တာန်တော်ကြီးကို ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်ပေးတော်မူသည်။ ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ အလှူရှင်များက ရတနာအုတ်မြစ်တော်များကို သတ်မှတ်ထားသည့် အရပ်ရှစ်မျက်နှာရှိ နေရာအသီးသီး၌ အစဉ်လိုက်စီသွင်းကြသည်။

ထို့နောက် ဦးဆောင်အလှူဒါယိကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခန်းမဆောင်အလယ်ဗဟိုချက်တည့်တည့်ရှိ ပတ္တမြား ရတနာအုတ်မြစ်တော်အား မြေသရွတ်တော်ဖြင့် အခိုင်အခန့်ပြုလုပ်ကာ ပရိတ်နံ့သာရည်များ ပတ်ဖျန်းပေးသည်။ ယင်းနောက် ကြွရောက်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များ၊ ဦးဆောင်အလှူဒါယိကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသည့် ဧည့်ပရိတ်သတ်များက “ဇယန္တော ဗောဓိယာမူလေ” အစချီနှစ်ဂါထာကို ရွတ်ဆိုပူဇော်ကြပြီး ရတနာအုတ်မြစ်တော်စီအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ရတနာအုတ်မြစ်တော်စီအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်ကြီးများကို နေ့ဆွမ်းဆက် ကပ်လှူဒါန်းခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးကို ပါမောက္ခချုပ်ဆရာတော် အရှင်ဆေကိန္ဒ၏ဦးဆောင်မှုဖြင့် နိုင်ငံတကာအဆင့်မီ ဘွဲ့နှင်းသဘင်ခန်းမဆောင်အဖြစ် ဆောက်လုပ်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး ဆောက်လုပ်ရန်အတွက် ဦးဆောင်အလှူဒါယိကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုနှင့် အလှူရှင်များစုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးသည် အလျား ၂၀၄ ပေ၊ အနံ ၁၅၄ ပေ၊ အမြင့် ၉၃ ပေ ၆ လက်မရှိ ၄ ထပ်ဆောင်သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ဓာတ်လှေကားများ၊ ကားရပ်နားရန် နေရာများ၊ ဘက်စုံသုံးခန်းမ၊ စာကြည်တိုက်၊ စာသင်ခန်း၊ ရုံးခန်း၊ ဧည့်သံဃာတော်များအတွက် အိပ်ဆောင်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး တည်ဆောက်ပြီးစီးပါက သံဃာတော်အပါး ၇၀၀ အား နိုင်ငံတကာအဆင့်မီ ဘွဲ့နှင်းသဘင်အခမ်းအနားများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်