ကိုရဲ
၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့သည် (၁၃၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ၁၈၉၀ ပြည့်နှစ် မေလ ၁ ရက်နေ့မှစ၍ ကမ္ဘာ့နိုင်ငံများစွာတွင် ကမ္ဘာ့အလုပ်သမားများကို လုပ်အားတန်ဖိုးမြှင့်တင်ပေးသောနေ့၊ အလုပ်သတ်မှတ်ချိန်ကို ပြည့်ဝစွာခံစားရသောနေ့၊ တရားမျှတမှုအတွက် တော်လှန်ရုန်းကန်မှုများ ပေါ်ပေါက်အောင် တပ်လှန့်လိုက်သောနေ့၊ ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှုသမိုင်းတွင် နေ့ထူးနေ့မြတ်အဖြစ် မှတ်ကျောက်တင်နိုင်သည့် နေ့တစ်နေ့အဖြစ် ဂုဏ်ပြုကျင်းပကြသည်။
မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ၁၉၃၈ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့သဖြင့် ယခုဆိုလျှင် (၈၅) ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်သည်။ မြန်မာတို့သည် ထိုအချိန်က ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်သို့ ရောက်ရှိနေချိန်ဖြစ်ပြီး ကိုလိုနီနယ်ချဲ့အရင်းရှင်ကြီးများကို သပိတ်လက်နက်ဖြင့် တုံ့ပြန်တိုက်ခိုက်နေသည့် အချိန်လည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အလုပ်သမားနေ့(မေဒေး)၏ ဘူမိနက်သန်အရပ် မှာ ရေနံချောင်းမြို့ ဆုံတိုက်ရပ်ကွက်ရှိ လည်ပေါ်ကျောင်းကြီးဖြစ်ပြီး မြန်မာ့အလုပ်သမား လှုပ်ရှားမှုသမိုင်းတွင် မော်ကွန်းတိုင်တစ်ခုအဖြစ် အလုပ်သမားနေ့ (မေဒေး)ကို ကျင်းပခဲ့ခြင်းဖြစ်သည်။
“အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့” အဖြစ် သတ်မှတ်
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ပေါ်ပေါက်လာရခြင်းသည် ၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့တွင် အခြေခံသည်၊၊ ၁၈၈၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကမ္ဘာ့အလုပ်သမားအသင်းချုပ်ကြီးက အမေရိကန်အလုပ်သမားတို့၏ သွေးမြေကျတိုက်ပွဲဝင်ခဲ့သော မေလ ၁ ရက် နေ့ကို “မေဒေး” ဟု အထိမ်းအမှတ်ပြုကာ “အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့” အဖြစ် သတ်မှတ်ခဲ့သည်။
၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ ချီကာဂိုမြို့၊ နယူးယောက်၊ ဗယ်တီမို၊ ဝါရှင်တန်၊ ပီဂူရီ၊ စင်စင်တီ၊ စိန့်လူးဝစ်၊ ပစ်ဗတ် နှင့် ဒက်ထရိုက်မြို့ အစရှိသည့်မြို့များတွင် အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရေး ဆန္ဒပြပွဲများ၌ အစိုးရနှင့် အရင်းရှင်ကြီးများက အကြမ်းဖက် နှိမ်နင်းခဲ့ကြသည်။ ယင်းဖြစ်စဉ်တွင် အဓိကရုဏ်းနှိမ်နင်းမှုနှင့် ပတ်သက်၍ မခံမရပ်နိုင်သောကြောင့် အလုပ်သမားထောင်ပေါင်း များစွာတို့သည် စုဝေး၍ အေးချမ်းစွာလူထုအစည်းအဝေးကြီး ကျင်းပခဲ့သည်။
ထိုအချိန်တွင် ထပ်မံအကြမ်းဖက်ပစ်ခတ်နှိမ်နင်းပြီး အလုပ်သမားခေါင်းဆောင် လေးဦးတို့ကို ဆူပူမှုဖန်တီးကြသည်ဟူသော အကြောင်းပြချက်ဖြင့် ကြိုးပေးသတ်ဖြတ်လိုက်ကြသည်။ ကျန်အလုပ် သမားခေါင်းဆောင်များကိုလည်း ထောင်ဒဏ်၊ ငွေဒဏ်၊ စသည့်ပြစ်ဒဏ် များပေးလိုက်ကြသည်။ အလုပ်သမားထုကြီးက အလျှော့မပေးဘဲ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။ အလုပ်သမားတို့၏ သွေးမြေကျ တိုက်ပွဲများကို အကြောင်းပြု၍ ၁၈၈၈ ခုနှစ် စိန့်လူးဝစ်မြို့၌ ကျင်းပသည့် အမေရိကန်အလုပ်သမားအဖွဲ့ချုပ် ညီလာခံတွင် ထပ်မံ၍ အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရန် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။ နောက်ဆုံးတွင် အစိုးရက အလျှော့ပေးပြီး အလုပ်ချိန်ကို တစ်နေ့ ၈ နာရီဟု တရားဝင်သတ်မှတ်လိုက်ရသည်။
ရေနံမြေအလုပ်သမားသပိတ်ကြီး စတင်ပေါ်ပေါက်လာခဲ့
၁၉၃၈ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ် ရေနံမြေအလုပ် သမားသပိတ်ကြီးတွင် အလုပ်သမားများသာမက ကျောင်းသားများနှင့် တောင်သူလယ်သမားများ ပါဝင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရေနံလုပ်ငန်းကို လက်ဝါးကြီးအုပ် သွေးစုပ်လုပ်ကိုင်ခဲ့ကြသော ဘီအိုစီသည် အကြီးဆုံးဖြစ်သည်။ ဘီအိုစီကုမ္ပဏီသည် အလုပ်သမားများကို ထိုက်တန်သည့် အခွင့်အရေးများမပေးသဖြင့် မကျေမနပ်ဖြစ်နေကြ သည်။ ထိုအချိန်တွင် ချောက်မြို့ ဘီအိုစီကုမ္ပဏီမှ သခင်ခင်အား အလုပ်(၁) ရက် ခွင့်မဲ့ပျက်ကွက်မှုဖြင့် အလုပ်မှထုတ်ပစ်ရာ မကျေမနပ်မှုများ ပေါက်ကွဲပြီး ရေနံမြေအလုပ်သမား သပိတ်ကြီးသည် ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင်ပေါ်ပေါက်လာခဲ့သည်။ အဆိုပါ သပိတ်ကြီးသည် ရေနံချောင်း လမ်းရွာ ရေနံချက်စက်ရုံမှ အလုပ်သမားများထံ ကူးစက်သွားပြီး သန်လျင်ရေနံချက်စက်ရုံများသို့ ကူးစက်ကာ ထပ်ဆင့်သပိတ်များ ပေါ်ပေါက်ခဲ့ကြသည်။
ထိုစဉ်က မြန်မာအလုပ်သမားထုသည် စစ်မှန်သောအခွင့်အရေးများကို မခံစားခဲ့ရချေ။ နိုင်ငံရေးပါတီများ၏ သြဇာလွှမ်းမိုးမှုဖြင့် အလုပ်သမားတို့၏ ဘဝရည်မှန်းချက်ကို အလွဲသုံးစားပြုလုပ်ခံခဲ့ရသည်။ အလုပ်သမားအချင်းချင်း အယူအဆကွဲလွဲအောင် မြှောက်ပင့်သွေးထိုးခဲ့ကြသည်။ ထို့ကြောင့် လွတ်လပ်ရေးခေတ် အလုပ်သမားထု ကြီး၏ဘဝမှာ တရားမျှတသောအသီးအပွင့် အကျိုးတရားများနှင့် ဝေးကွာခဲ့ရပြီး အရင်းရှင်လောင်းရိပ်အောက်တွင် ညှိုးနွမ်းခဲ့ရသည်။
အလုပ်သမားများ၏ သပိတ်တိုက်ပွဲကို အရှိန်မြှင့်ပေးရန် တို့ဗမာ အစည်းအရုံးဝင်များနှင့် ကျောင်းသားခေါင်းဆောင်များသည် ရေနံမြေသို့ သွားရောက်အားပေးခဲ့ကြသည်။ ဤအရေးတော်ပုံသည် မြန်မာနိုင်ငံရှိ အလုပ်သမားလူတန်းစားများ၏ သမိုင်းဝင်သော တိုက်ပွဲဖြစ်သည်။ အလုပ်သမား လူတန်းစားတစ်ရပ်တည်းသာမဟုတ်၊ တောင်သူ လယ်သမားများ၊ တက္ကသိုလ်ကျောင်းသားများ၊ တို့ဗမာအစည်းအရုံးဝင်များ ပြည်သူများက ပူးပေါင်းပါဝင်ခဲ့ကြသဖြင့် ထင်ရှားအောင်မြင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံများစွာတွင် အခြေခံလူတန်းစားဟူ၍ ရှိသည်။ နိုင်ငံ တစ်နိုင်ငံ ရှင်သန်ရပ်တည်ရေးအတွက် အရေးပါသောလူတန်းစားကို ဆိုလိုသည်။ စက်မှုထွန်းကားသောနိုင်ငံက အလုပ်သမားလူတန်းစား ကိုအခြေခံရသည်။ စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံက လယ်သမား လူတန်းစားကိုအခြေခံရသည်။ အလုပ်သမားနှင့် လယ်သမားလူတန်း စားနှစ်ရပ်သည် အပြန်အလှန်အကျိုးပြုနေကြသည်။
လုပ်အားကိုတန်ဖိုးထားဖော်ထုတ်
ယခုအခါ နိုင်ငံတော်၏ အခြေခံလူတန်းစားနှစ်ရပ်ဖြစ်သော တောင်သူလယ်သမားနှင့် အလုပ်သမားတို့၏ လုပ်အားကိုတန်ဖိုးထား ဖော်ထုတ်လျက်ရှိသည်။ အလုပ်သမားများကိုလည်း ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ လုပ်ငန်းခွင်စည်းကမ်း ထိန်းသိမ်းရေး အလုပ်လုပ်သလောက် အကျိုးခံစားခွင့်ရရှိရေးအတွက် အားပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်လာရေး အတွက် အလုပ်သမားကြီးများအပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ညီညွတ်မှုစွမ်းအားဖြင့် ကိုယ့်အားကိုယ်ကိုး ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။
နိုင်ငံတော်အတွင်းရှိ သဘာဝအရင်းအမြစ်များကို အခြေပြုလျက် လူသယံဇာတ၊ မြေသယံဇာတ၊ ရေသယံဇာတများကို ထိထိရောက် ရောက်အသုံးချပြီး အသိပညာနှင့် အတတ်ပညာရှင်များ၏ စွမ်းအားဖြင့် ခေတ်မီစက်မှုနိုင်ငံထူထောင်ရေးကို အလုပ်သမားကြီးများက ပါဝင်ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအသီးသီး၌ အထူးစီမံကိန်းကြီးများ ချမှတ်အကောင် အထည်ဖော်လျက်ရှိရာ အထူးစီမံကိန်းကြီးများ အချိန်မီ ပြီးမြောက်ရန် အလုပ်သမားကြီးများက အင်တိုက်အားတိုက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အလုပ်သမားတို့အတွက် ရပိုင်ခွင့်နှင့် တာဝန်သည် ယနေ့ခေတ်တွင် ကွဲကွဲပြားပြား ထင်ရှားပေါ်လွင် လာပြီဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(မေဒေး)ကို ပြည်သူတိုင်းက ထာဝစဉ်တန်ဖိုးထား လေးစားအပ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။