ရန်ကုန် ၁၁  သြဂုတ် 

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် အပြည် ပြည်ဆိုင်ရာ လူငယ်များနေ့  အခမ်းအနား(ဒုတိယနေ့)ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်ရှိ ဝိဇ္ဇာခန်းမ၌ ဆက်လက်ကျင်းပသည်။

ယနေ့အခမ်းအနားတွင် "ယနေ့လူငယ်နှင့် အနာဂတ်မြန်မာနိုင်ငံတော်" ခေါင်းစဉ်ဖြင့် လူငယ်တို့၏ စကားဝိုင်းဆွေးနွေးပွဲကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် "လက်ရှိ မြန်မာ့ပညာရေးစနစ်သည် လူငယ်များအတွက် အာမခံချက်ပေးသည်" ခေါင်းစဉ်ဖြင့် စကားရည်လုပွဲကိုလည်းကောင်း ပြုလုပ်ခဲ့ပြီး ပါဝင်ဆွေးနွေးကြသူများက တက်ရောက်လာကြသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ဖွင့်လှစ်ပြသထားသည့် ပြခန်းများကိုလှည့်လည်ကြည့်ရှုခဲ့ကြသည်။

အခမ်းအနားတွင် လူငယ်များ၏ စကားဝိုင်းဆွေးနွေးပွဲများ၊ အသိပညာပေးပြခန်း များနှင့်အတူ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင် သည်။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့သည် သြဂုတ် ၁၂ ရက်နေ့ ဖြစ်ပြီး ယခုနှစ်၏ ဆောင်ပုဒ်မှာ "လူငယ်ထုကြီးပါဝင်ကာ ပညာရေးစနစ်ပြောင်းလဲပါ" ဖြစ်ကြောင်း သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်