ရန်ကုန်-ဖေဖော်ဝါရီ ၁၁

 

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) မှ မန္တလေး-ချင်းမိုင် တိုက်ရိုက်ခရီးစဉ်ကို ဖေဖော်ဝါရီ ၁ဝ ရက်မှစတင်၍ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် နှစ်ကြိမ် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ခရီးစဉ်သစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့သည်။

 

MAI လေကြောင်းလိုင်းက ယမန်နေ့တွင်မန္တလေးမြို့နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တို့အကြား တိုက်ရိုက်ခရီးစဉ် သစ်ကို စတင်ပြေးဆွဲကြောင်းကြေညာခဲ့ပြီး မန္တလေး-ချင်းမိုင်ခရီးစဉ်သည် MAI ပြေးဆွဲနေသည့် နိုင်ငံတကာ ခရီးစဉ်ကွန်ယက်တွင် ၂၀၂၅ ခုနှစ်အတွင်း အသစ်တိုးချဲ့ပြေးဆွဲသည့် ပထမဆုံးခရီးစဉ်ဖြစ်သလို MAI ၏ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပျံသန်းပြေးဆွဲနေသည့် ဘန်ကောက်-သုဝဏ္ဏဘူမိလေဆိပ်၊ ဘန်ကောက်-ဒွန်မောင်း လေဆိပ်နှင့် နိုဗိုစီဗစ် ခရီးစဉ်များပြီးနောက် ထပ်မံပြေးဆွဲသည့် စတုတ္ထမြောက်ခရီးစဉ်အသစ် ဖြစ်သည်။

 

ခရီးစဉ်အသစ်စတင်ပြေးဆွဲသည့် အထိမ်းအမှတ်အဖြစ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ချင်းမိုင်လေဆိပ် သို့ ဆိုက်ရောက်လာသည့်လေယာဉ်ကို ရေပက်ဖြန်းကြိုဆိုခဲ့ပြီး ခရီးစဉ်အတွင်း လိုက်ပါစီးနင်းလာကြသည့် ခရီးသည်များအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အမှတ်တရ လက်ဆောင်များပေးအပ်ကာ ခရီးဦးကြိုဆိုခဲ့ ကြောင်း သိရသည်။

 (သတင်းစဉ်)