ဘားအံ   ၃  ဒီဇင်ဘာ 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်အတွင်း မသန်စွမ်းသူ ၃၀ အား Wheel Chair များ ထောက်ပံပေးအပ်ခဲ့သည်။

 

54213

 

အဆိုပါအခမ်းအနားကို အတားအဆီးကင်းရေးမျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့ ဆောင်ပုဒ် ဖြင့် ကျင်းပခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင် တက်ရောက်အမှာစကားပြောကြားခဲ့ကာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်မင်းက အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မှ ပေးပို့လာသည့် သဝဏ်လွှာကို ဖတ်ကြားသည်။

 

5429

 

ထို့နောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်စာစီစာကုံး( အထက်တန်း၊ အလယ်တန်း၊ မူလတန်း)အဆင့် ပြိုင်ပွဲတွင် ဆုရရှိသူများ၊ မသန်းစွမ်းထူးချွန်အားကစားသမားများအား ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်ဦးစောလှထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်အတွင်း မသန်စွမ်းသူ ၃၀  အား Health For All Medical Fund မှ ထောက်ပံလှူဒါန်းသည့် Wheel Chair များအား တာဝန်ရှိသူ များက ထောက်ပံ့ပေးအပ်သည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဥပဒေကို စတင်ပြဌာန်းခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ကရင်ပြည်နယ် အတွင်း မသန်စွမ်းသူလေးမျိုးကို စာရင်းကောက်ယူခဲ့ရာ ကနဦးတွင် ၄၆၁၆ ဦး ရရှိခဲ့ပြီး ကျန်ရှိသူများအား ထပ်မံ၍ စာရင်းကောက်ယူခဲ့ရာ ၅၇၇၉ ဦး ရရှိခဲ့သည့်အတွက် ပြည်နယ်အတွင်း မသန်စွမ်းသူ စုစုပေါင်း ၁၀၃၉၅ ဦးအား စာရင်းကောက်ယူနိုင်ခဲ့ကြောင်း၊ 
 ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏ဘဏ္ဍာငွေဖြင့် မသန်စွမ်းသူ ၄၆၁၆ ဦးအားတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်း၊ ကျန်ရှိသည့်မသန်စွမ်း ၅၇၇၉ ဦး အားလည်း တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံပေးခဲ့ကြောင်း၊ 

မသန်စွမ်းသူများကို ဥပဒေပါအခွင့်အရေးများ အပြည့်အဝအကောင်အထည်ဖော်ပေးနိုင်ရန်အတွက် Pilot Project အနေဖြင့် ဘားအံမြို့နယ်တွင် စာရင်းများကောက်ယူ၍ မှတ်ပုံတင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မှတ်ပုံတင် လုပ်ငန်းများပြီးစီးပါက ဥပဒေနှင့်အညီ မသန်စွမ်းသူများအား ဆောင်ရွက်ပေးရမည့် ၎င်းတို့၏ အခွင့်အရေးများအတိုင်း ပြည့်ဝစွာဆောင်ရွက်ပေးရန် အစီအစဉ်များချမှတ်ထားကြောင်း ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)