ဘားအံ ဒီဇင်ဘာ ၂
ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနကကြီးမှူး၍ ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာနနှင့် ဘားအံ ခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာနတို့ ပူးပေါင်းပါဝင်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်း အမှတ် မသန်စွမ်းအားကစားပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
မသန်စွမ်းသူများ အားကစားပြိုင်ပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ကျင်းပ သည့် အားကစားပြိုင်ပွဲသည် ပြည်နယ်၏လူ့စွမ်းအားအရင်းအမြစ်တစ်ခုအဖြစ် ပါဝင်နေသော မသန်သော်လည်းအစွမ်းရှိ ကြသည့် မသန်စွမ်းများကိုယ်တိုင် ၎င်းတို့၏ စွမ်းရည်ကို ပြသယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ အားကစားသမားများ အနေဖြင့် အနိုင်အရှုံးကိုမဓာနမထားဘဲ ယှဉ်ပြိုင်စွမ်းရည်ပြသနိုင်ခြင်းကိုသာအဓိကထား၍ ပိုမိုတိုးတက်လာရန် ကြိုးစားကြစေလိုကြောင်း၊ မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်ပြပွဲ ပြိုင်ပွဲများမှတစ်ဆင့် အနာဂတ်ကာလတွင် မသန်စွမ်းသူ များအတွက် အတားအဆီးကင်းသော လူမှုပတ်ဝန်းကျင်ဖော်ဆောင်နိုင် မည်ဖြစ်ပြီး မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မသန်စွမ်းသူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအားလုံးအကျုံးဝင်သော လူ့ဘောင်တစ်ခုကို ဖော်ဆောင်နိုင်ရန် တတ်စွမ်းသမျှကူညီဆောင်ရွက်ပေးကြရန်နှင့် အနာဂတ်မြန်မာမသန်စွမ်း သူများ၏ အားကစားအစွမ်းပိုမိုတိုးတက် မြင့်မားလာစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဘီးတပ်ကလားထိုင်အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံးပုတ်အပြေးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့် ခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကား များပြောကြားကာ အားကစားပြိုင်ပွဲကို ကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့် မသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများသို့ ပြည်နယ်အတွင်းမှ မသန်စွမ်းအားကစား ၂၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစား ခဲ့ကြပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင် ရိုက်ပြိုင်ပွဲ၊ ဘီးတပ်ကုလားထိုင် အပြေးပြိုင်ပွဲ၊ အာလူးကောက်နှင့်ဘောလုံးပုတ် အပြေးပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)