နေပြည်တော် ၂၆ ဇွန်
လူသားမျိုးနွယ်တစ်ရပ်လုံးအား လူညွန့်တုံးပျက်စီးစေနိုင်သောအန္တရာယ် ရှိသည့် မူးယစ်ဆေးဝါးပပျောက်ရေးကို ကမ္ဘာ့နိုင်ငံများအားလုံး အလေး ထားတိုက်ဖျက်နေကြသည်။ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့”ဟု ၁၉၈၇ ခုနှစ်ကကုလသမဂ္ဂ အထွေထွေညီလာခံတွင် သတ်မှတ်ခဲ့သည်။
မူးယစ်ဆေးဝါးအမျိုးမျိုးတို့ကို မသမာသူဝိသမလောဘသားများနှင့် အဖျက်သမားများက ၎င်းတို့၏ကိုယ်ကျိုးစီးပွားနှင့် အဖျက်လုပ်ရပ် အတွက် လူသားများ၏ဘဝတန်ဖိုးများကိုမငဲ့ကွက်ဘဲလက်နက်သဖွယ် အသုံးချလျက်ရှိသည်။ မူးယစ်ဆေးဝါးသမိုင်းကြောင်းတွင် ရှေးက ဘိန်း ဟူသောပစ္စည်းကြောင့် လူမှုဘဝများ ပျက်စီးမှုကို ဖြစ်စေခဲ့ပြီးနောက် နည်းပညာများ တိုးတက်လာသည့်ကာလ၌ ဘိန်းဖြူ၊ ဟီးရိုးအင်းမှသည် မက်သာဖက်တမင်း စသည့် စိတ်ကြွမူးယစ်ဆေးပြားများ ထုတ်လုပ်သည် အထိ တိုးတက်လာသည်။ ယခုအခါ ကမ္ဘာအနှံ့တွင် တရားမဝင်မူးယစ် ဆေးဝါးများ ၂၈ မျိုးအထိ ပျံ့နှံ့နေသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ခေတ်အဆက်ဆက် အစိုးရများက အလေးထား တိုက်ဖျက်နေသော်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ ကျဆင်းသွားခြင်းမရှိပေ။ မူးယစ်ဆေးဝါး အမြောက်အမြား သယ်ဆောင်ရောင်းဝယ်ဖောက်ကားမှုများ၊ သုံးစွဲမှုနှင့်ပတ်သက်သည့် ဖမ်းဆီးရမိ သတင်းများကို နေ့စဉ်မြင်တွေ့နေရသည်။ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုသည် တစ်နှစ်ထက်တစ်နှစ် များပြားလာရာ ပြဋ္ဌာန်းထားသော မူးယစ်ဆေးဝါးဥပဒေအရ သုံးစွဲသူ၊ လက်ဝယ်တွေ့ရှိသူ၊ ဆက်စပ်မှု ရှိသူတို့နှင့် အဓိကထုတ်လုပ်သူ၊ သယ်ဆောင်ရောင်းဝယ်ဖောက်ကားသူ တို့အပေါ် အရေးယူနိုင်မှုအခြေအနေတို့ကို ဆန်းစစ်ကြည့်ရမည်ဖြစ်သည်။
မူးယစ်ဆေးဝါးကို အလေးထားတိုက်ဖျက်လျက်ရှိသော်လည်း လျော့ နည်းကျဆင်းခြင်းမရှိသည့်ဇာစ်မြစ်ကို ရှာဖွေကြည့်ရမည်ဖြစ်သည်။ အဓိက အချုပ်မှာ ထုတ်လုပ်မှုနှင့် ဈေးကွက်ရှင်သန်နေခြင်းဖြစ်သည်။ အိမ်နီးချင်း နိုင်ငံများတွင် ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု များရှိနေသော်လည်း ကာကွယ်တိုက်ဖျက်ရေးကို တစိုက်မတ်မတ်ေ ဆာင်ရွက်နိုင်သဖြင့် အောင်မြင်မှုများရရှိနေသည်။ မူးယစ်ဆေးဝါးသည် ဘိန်းကိုအခြေခံသဖြင့် ဘိန်းစိုက်ပျိုးမှုရှိနေသမျှ မူးယစ်ဆေးဝါးများ ထွက်ရှိနေမည်ဖြစ်သည်။ ဘိန်းအစားထိုးစိုက်ပျိုးရေးကို ရှေးယခင် အဆက်ဆက်ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိသည်မှာ နယ်မြေဒေသ မငြိမ်းချမ်းသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ငြိမ်းချမ်းရေး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ ဘိန်း အစားထိုးစိုက်ပျိုးရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများ ကို လက်တွဲစည်းရုံးကူညီကြရမည်ဖြစ်သည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ဘိန်းစိုက်ပျိုးသည့် တောင်သူများ၏ဘဝနှင့် ခံယူချက်များေြ ပာင်းလဲပေးကာ တိုင်းရင်းသားများဘဝကို မြှင့်တင်ပေးရမည်ဖြစ်သည်။ ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုတို့ကို ထိရောက်စွာ တားဆီး နှိမ်နင်းနိုင်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း အောင်မြင်နိုင်မည် ဖြစ်သည်။
မူးယစ်ဆေးဝါးအမျိုးမျိုးတို့သည် နည်းပညာနှင့် ဓာတုပစ္စည်းများကို အခြေခံကာ ထုတ်လုပ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် နည်းပညာ နှင့် ဓာတုပစ္စည်းထုတ်လုပ်နိုင်သော နိုင်ငံကြီးများကြားတွင်တည်ရှိပြီး နယ်မြေဒေသလုံခြုံရေး အားနည်းမှုကိုအကြောင်းပြု၍ မူးယစ်ဆေးဝါး အမြောက်အမြား ထုတ်လုပ်ဖြန့်ဖြူးသယ်ဆောင်လာကြသည်။ မကြာသေးမီက မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိမှုဖြစ်စဉ်များတွင် မူးယစ် ဆေးဝါးဈေးကွက်အတွင်း သမားရိုးကျမဟုတ်သော အမည်သစ်မူးယစ် ဆေးဝါးများ ထပ်မံစိမ့်ဝင်ပျံ့နှံ့နေကြောင်း မီးမောင်းထိုးပြထားသည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏အရှေ့ဘက်တွင်ရှိပြီး သယ်ဆောင်မှုသည် အလယ်တွင်ရှိကာ အဓိကဈေးကွက်သည် အနောက် ဘက်တွင်ရှိကြောင်း ဖမ်းဆီးရမိခဲ့သည့်လမ်းကြောင်းများက ညွှန်းပြနေသည်။
ပေါ်ထွက်နေသော မူးယစ်ဆေးဝါးအမျိုးမျိုးတို့သည် အဓိကထုတ်လုပ် နိုင်သည့် နည်းပညာစွမ်းအားနှင့် ဈေးကွက်အပေါ်တွင် မူတည်သည်ကို ယနေ့တွေ့မြင်ရမည်ဖြစ်သည်။ ထို့အပြင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးတို့အပေါ်တွင် မူတည်သည် ကိုလည်း မြင်တွေ့နိုင်မည်ဖြစ်သည်။ ပြောင်ပြောင်တင်းတင်းဖြစ်ပေါ်လာသော မူးယစ်ဆေးဝါးပြဿနာသည် ယနေ့လူငယ်လူရွယ်များအား ဖျက်ဆီး ရန် အသင့်ဖြစ်နေသည်ကိုလည်း မြင်တွေ့ရသည်။
သို့ဖြစ်ရာ အန္တရာယ်ကြီးမားလာသော မူးယစ်ဆေးဝါးနှင့်ပတ်သက် သည့် ပြဿနာများ၊ စိန်ခေါ်မှုများအား အောင်မြင်ထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး တို့ကလည်း ဝိုင်းဝန်းကူညီ လက်တွဲပါဝင်ဆောင်ရွက်ကြမှသာ မူးယစ် ဆေးဝါးအန္တရာယ်မှာ တဖြည်းဖြည်း လျော့နည်းကျဆင်းလာမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ