ရန်ကုန် နိုဝင်ဘာ ၂၃
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်က ဆောင်ရွက်လျက်ရှိသည့် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။
အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ တိပိဋက ပါဠိ-မြန်မာ အဘိဓာန် ဘာသာပြန်ဆိုရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက အဖွင့်ဩဝါဒကထာ မိန့်ကြားတော်မူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်းကို ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော်အကြီးအကဲ၏ တာဝန်ပေးအပ်ချက်အရ သာသနာရေးဝန်ကြီးဌာနက ဦးဆောင်၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် တက္ကသိုလ် ဒုတိယမြောက် ပါမောက္ခချုပ်ဆရာတော်၊ တက္ကသိုလ်ကြီး၏ လက်ရှိဩဝါဒါစရိယ၊ ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ ဆရာတော်ကြီးက ဦးဆောင်၍ တက္ကသိုလ်ရှိ သင်ကြားဆရာတော် ကြီးများ၊ သင်ကြားသီလရှင်များ၊ ဆရာကြီး၊ ဆရာမကြီးများက အဖွဲ့များခွဲ၍ ဘာသာပြန်ဆိုခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် VOLUME-I (A-Uḷurāja) အား ပထမအကြိမ်အဖြစ် အုပ်ရေ (၁၀၀၀) ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ ယခုအခါ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ ဩဝါဒလမ်းညွှန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယအကြိမ်အဖြစ် VOLUME-II (Ka-Kvaci) အား အုပ်ရေ (၁၀၀၀) ထပ်မံပုံနှိပ် ထုတ်ဝေနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှစ၍ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ဘာသာပြန်ဆိုရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအဖွဲ့များအား ပြန်လည်ဖွဲ့စည်းကာ ဘာသာပြန်ဆိုရေး လုပ်ငန်းများအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ဘာသာပြန်ဆိုရေး လုပ်ငန်းကော်မတီ၏ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ အတွဲအမှတ် ၁ မှ ၄ အထိ ဘာသာပြန်ဆိုပြီး ပုဒ်ပေါင်း ၇၂၃၆ လုံးအား ပထမအကြိမ်အဖြစ် စာအုပ်ထုတ်နိုင်ခဲ့ပြီး၊ အတွဲအမှတ် ၅ မှ ၈ အထိ ဘာသာပြန်ဆိုပြီး ပုဒ်ပေါင်း ၅၀၃၆ ရှိသည့်အနက် ၂၀၃၄ ပုဒ်အား ဒုတိယအကြိမ်အဖြစ် စာအုပ်ထုတ်ဝေနိုင်ခဲ့ကာ ကျန်ရှိနေသည့် ၃၀၀၂ ပုဒ်အား ဆက်လက်ထုတ်ဝေသွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အတွဲအမှတ် ၉ မှ ၁၂ အထိ ဘာသာပြန်ဆိုရန်ပုဒ်ပေါင်း ၄၃၉၀ ရှိသည့်အနက် ဘာသာပြန်ဆိုပြီး ပုဒ်ပေါင်း ၃၂၇၃ ပုဒ်အား စိစစ်ဆောင်ရွက်လျက်ရှိရာ အတွဲအမှတ် ၁၃ မှ ၁၈ အထိ ဘာသာပြန်ဆိုရန်ပုဒ်ပေါင်း ၉၀၀၅လုံးအား ဘာသာပြန်ဆိုသွားမည်ဖြစ်ပြီး၊ အတွဲ အမှတ် ၁၉ မှ ၂၅ အထိ အဆင့်ဆင့် ဘာသာပြန်ဆိုနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှောက်ထားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဇော်ဇော်ဦးက တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြ လျှောက်ထားရာ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ အစည်းအဝေးတက်ရောက်လာကြသော ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော်နှင့် ပါမောက္ခဆရာတော်များက ညှိနှိုင်းဆွေနွေးကြသည်။
ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ ဖြည့်စွက်ဆွေးနွေး လျှောက်ထားသည်။ ယင်းနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြားတော်မူပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် နယ်နမိတ်အတွင်း စိုက်ပျိုးထားရှိသော မန်ကျည်းပျိုးဥယျာဉ်စိုက်ခင်းများအား အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးလာမည့် မိုးရာသီတွင် ရန်ကုန်ဧရိယာနယ်နိမိတ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်ကြီးများ၊ စေတီတော်ပရိဝုဏ်များနှင့် အမြန်လမ်းမကြီး ပတ်ဝန်းကျင်နေရာများတွင် မြေချစိုက်ပျိုးသွားနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Breaking News


