နေပြည်တော် ဖေဖော်ဝါရီ  ၂၁

ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌  ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန် နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန် ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင်  တရားစွဲဆိုခဲ့သည်။ 

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားစွဲဆိုခွင့်မရှိကြောင်း ကနဦးကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ (၂၀) ရက်တွင် တင်သွင်းခဲ့သည်။  မြန်မာ နိုင်ငံကတင်သွင်းခဲ့သော ကနဦး ကန့်ကွက်လွှာနှင့်ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်လျက်ရှိသည်။

အထက်ပါ ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ပထမအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အဖွင့်မိန့်ခွန်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ကိုယ်စားပြု နိုင်ငံတကာရှေ့နေများ ဖြစ်ကြသော Dr. Christopher Staker ၊ Professor Robert Kolb နှင့် Professor Stefan Talmon တို့က မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦး ကန့်ကွက်ချက်များနှင့်ပတ်သက်၍ တရားရုံးသို့ တင်ပြလျှောက်လဲကြသည်။ ထိုသို့ လျှောက်လဲရာတွင် Professor Robert Kolb က ပြင်သစ်ဘာသာဖြင့် လျှောက်လဲပြီး မြန်မာကိုယ်စားလှယ်နှင့် ကျန်နိုင်ငံတကာရှေ့နေများက အင်္ဂလိပ်ဘာသာဖြင့် လျှောက်လဲကြသည်။ 

မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၅ ရက်တွင် လည်းကောင်း၊ ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၃ ရက်တွင် လည်းကောင်း၊ ဒုတိယအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၈ ရက်တွင် လည်းကောင်း ပြုလုပ်သွားကြမည် ဖြစ်သည်။ 

ကနဦးကန့်ကွက်လွှာ ကြားနာပွဲသို့ မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) နှင့်အတူ ပူးတွဲ ကိုယ်စားလှယ် (Alternate Agent) ဖြစ်သူ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ပါဝင်တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်