ရန်ကုန်၊ ၂၀ ဇန်နဝါရီ

ရန်ကုန်မြို့၏ အနီးဆုံးအပန်းဖြေကမ်းခြေတစ်ခု ဖြစ်လာသော ကွမ်းခြုံကုန်းမြို့နယ် ဆယ်အိမ်တန်း ကမ်းခြေသို့ သွားလာသည့် ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်းလမ်းပိုင်းတွင် ကျန်ရှိသော ၁၂ ပေ ကွန်ကရစ်လမ်းပိုင်းအား ၁၅ ပေကွန်ကရစ် လမ်းပိုင်းအဖြစ် တိုးချဲ့ရန် မြေသားပေါင် ထပ်မံတိုးချဲ့ခြင်းကို ဇန်နဝါရီလဒုတိယပတ်တွင် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၏ အပန်းဖြေခရီးသွား လုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းမှာ ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးမှ လက်ခုပ်ကုန်းနှင့် ဆယ်အိမ်တန်း ကမ်းခြေသို့ သွားလာနိုင်သည့်အပြင် ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေရွာများသို့ မြစ်ကူး၍ သွားလာ နိုင်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးမှ ပင်လယ်ကမ်းခြေရွာများသို့ ခရီသွားလည်ပတ်နိုင်ရာ  ဘို့ဒင်လမ်းစုံမှ ကညင်ကုန်းရွာထိ ၁၀ မိုင် ၃ ဖာလုံအား ၁၂ ပေကွန်ကရစ်လမ်းခင်းပြီးနောက် ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဆယ်အိမ်တန်း ကမ်းခြေ အပန်းဖြေစခန်းပေါ်ထွန်းလာရာ ယာဉ်နှစ်စီးရှောင်တိန်းနိုင်ရန် မူလကွန်ကရစ် ၁၂ ပေလမ်းအား ၁၅ ပေ ကွန်ကရစ်လမ်းနှင့် ပေ ၄၀ မြေသားပေါင်တိုးချဲ့ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

 “ဒီလမ်းပိုင်းမှာ မြေသား ပေါင် အကျယ် ပေ ၄၀ အဖြစ် ဆောင်ရွက်နေပါတယ်။ မူလကွန်ကရစ်လမ်း ၁၂ ပေကနေ ၁၅ ပေ တိုးချဲ့တဲ့အပိုင်းကို လည်း ဆောင်ရွက်နေပါတယ်။ လာမယ့်ဘတ်ဂျက်မှာ လည်း ၁၈ ပေ ကွန်ကရစ်လမ်းအဖြစ် ချိတ်ဆက်မိအောင် တိုးချဲ့ဖို့ရှိပါတယ်။ အဲ့ဒါဆိုရင် ၁၈ ပေ ကွန်ကရစ်လမ်းမှာ ယာဉ်နှစ်စီးရှောင်နိုင်ပါပြီ။ ဆယ်အိမ်တန်းကမ်းခြေ အပန်းဖြေစခန်းသွားတဲ့ လမ်းဖြစ်တဲ့အတွက် အများပြည်သူ အန္တရာယ်ကင်းစွာ သွားလာနိုင်မှုအပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်”ဟု ကွမ်းခြံကုန်းမြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ SAE ဒေါ်သူဇာထွန်းက ပြောပြသည်။

ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်းကျေးလက်ကွန်ကရစ်လမ်းပိုင်း ၁၀ မိုင် ၃ ဖာလုံတွင် ၁၂ ပေ အကျယ် ၅ မိုင် ၇ ဖာလုံကို ၇ လက်မထုဖြင့် ကွန်ကရစ်လမ်းခင်းထားပြီး ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းမှာ ၅ ဖာလုံနှင့် ၁၅ ပေအကျယ် ၃ မိုင် ၇ ဖာလုံခင်းထားပြီးဖြစ်ရာ ၁၅ ပေ ကွန်ကရစ်လမ်းနှင့် ကျန်လိုအပ်သော ၁၈ ပေအကျယ် ကွန်ကရစ်လမ်းပိုင်းများကို ဆက်လက်ခင်းကျင်း သွားမည်ဖြစ်‌သည်။ ဒလ၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်တို့အတွက် စီးပွားရေး၊ ကုန်စည်စီးဆင်းမှုနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ထိုလမ်းပိုင်းမှာ အရေးပါလျက်ရှိပြီး ဒလမြို့နယ်မှ ကွမ်းခြံကုန်မြို့နယ် ၃ ၈မိုင်ထိ ကတ္တရာနှင့် ကွန်ကရစ်လမ်းခင်းထားရာ ဆယ်အိမ်တန်းကမ်းခြေသို့ သွားလာသည့် ဒလ-ကညင်ကုန်း ၁၀ မိုင် ၃ ဖာလုံလမ်းအား ၁၂ ပေကွန်ကရစ်လမ်းမှ ၁၈ ပေ ကွန်ကရစ်လမ်းအဖြစ် တိုးချဲ့ ဆောင်ရွက်လျက်ရှိသည်။

“ဆယ်အိမ်တန်းကမ်းခြေ အပန်းဖြေသွားလာမှုဟာ ကိုဗစ်အလွန် ကာလ မရောက်သေးတော့ ပြောရခက်ပါတယ်။ အဲဒီလမ်းပိုင်းကို တိုးချဲ့ခင်းတာကြောင့် အများပြည်သူ သွားလာမှုအဆင်ပြေပါပြီ။ လမ်းကျယ်လာရင် ပိုအဆင်ပြေတဲ့အတွက် လုံခြုံရေးအရတော့ စောင့်ကြည့်ဖို့လိုပါတယ်”ဟု ကွမ်းခြံကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။

ထိုလမ်းပိုင်းတွင် မြေသားတာပေါင်အကျယ် ပေ ၄၀ ပြည့်မှီရန် ဆောင်ရွက်လျက်ရှိပြီး ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင် ကုန်း၁၀မိုင်၃ဖာလုံအား တစ်ဖက် ၃ ပေ ကွန်ကရစ်လမ်း တိုးချဲ့ ခင်းကျင်းမှု ပြီးစီးပါက မိုးရာသီ၌ ယာဉ်များအန္တရာယ်ကင်းစွာ သွားလာနိုင်မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၏ အပန်းဖြေခရီးသွားလုပ်ငန်းနှင့် ဒေသခံတို့၏ ကျေးလက်လူမှုဘဝဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။

သန်းထိုက်

ဓာတ်ပုံ - သန်းစိုး