ရွှေသောင်ယံ ၈ မတ် 

 

ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံကမ်းခြေတွင် အများပြည်သူများ လာရောက်အပန်းဖြေသော ကမ်းခြေဧရိယာအတွင်း ပြည်သူများ စိတ်လက်ကြည်သာစွာ အပန်းဖြေနိုင်ရန်အတွက် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှ ချမှတ်ထားသော စည်းကမ်းချက် အမိန့်ကြေညာချက်များကို ရွှေသောင်ယံမြို့ရှိ ထင်သာမြင်သာရှိသော နေရာများတွင် မြို့အုပ်ချုပ်ရေးမှူးနှင့် စည်းကမ်းထိန်သိမ်းရေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ယမန်နေ့မွန်းလွဲပိုင်းက လိုက်လံစိုက်ထူခဲ့သည်။

 

စည်းကမ်းချက်များတွင် အပန်းဖြေကမ်းခြေဧရိယာအတွင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ ဒေသနေပြည်သူတို့၏ စီးပွားရေးလုပ်ငန်းများ အဆင်ပြေစေရန်နှင့် လာရောက်အပန်းဖြေကြသော ဧည့်သည်များ အနားယူရင်း အစားအသောက်၊ အပျော်အပါးကိစ္စရပ်များအတွက် အဆင်ပြေစေရန်ရှေးရှု၍ ခွင့်ပြုပေးထားသော လုပ်ငန်းများမှအပ တားမြစ်ထားသော ကိစ္စရပ်များကို မပြုလုပ်မိစေရန် ရွှေသောင်ယံမြို့ရှိ ထင်သာမြင်သာရှိသောနေရာတို့တွင် ယခုကဲ့သို့ ကြေညာချက်ဆိုင်းဘုတ်များကို လိုက်လံစိုက်ထူခဲ့ခြင်းဖြစ်သည်။

 

6

 

ကမ်းခြေသို့ လာရောက်အပန်းဖြေသည့် ဧည့်သည်များ စိတ်ပျက်စေမည့် ဈေးရောင်းခြင်းများဖြစ်သော ဖျာခင်း၍သော်လည်းကောင်း၊ ရွက်ဖျင်တဲများ ထိုး၍သော်လည်းကောင်း စီးပွားရှာခြင်းများ၊ ကမ်းခြေအလှအပ ပျက်စီးစေမည့် စက်တပ်ယာဉ်များ မောင်းနှင်ခြင်း၊ သဲသောင်ပြင်အားတူး၍ သဲကျုံးခြင်း၊ ညအချိန်မတော် မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများဖောက်ခြင်း၊ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကာရာအိုကေသီဆိုခြင်း၊ အုပ်စုလိုက်ကခြင်း၊ သဘာဝအလှအပများကို ပျက်စီးစေမည့် သန္တာကျောက်များ တူးဖေါ်ခြင်း၊ ကမ်းခြေနှင့်နီးစပ်သည့် နေရာများတွင် အိပ်ဇောဖြုတ်စက်တပ်ယဉ်များ မောင်းနှင်ခြင်း၊ လုံခြုံရေးအတွက် ကမ်းခြေဆင်းလမ်းများတွင် ယာဉ်များဖြင့် ညအိပ်ရပ်နားခြင်း စသည်ဖြင့် စည်းကမ်းချက်များကိုပါ ထည့်သွင်းတားမြစ်ထားကြောင်း သိရသည်။

 

သို့သော်လည်း ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက် ကျောက်မောင်နှမကမ်းခြေမှ ကျောက်ထရံဘုရားအထိ ပေအရှည်(၁၂၀၀)အတွင်း ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရှေးရှုပြီး မြင်း၊ ဆင်၊ လေးဘီး၊ နှစ်ဘီး၊ ပြေးဆွဲဆောင်ရွက်ခွင့်ကို ပြုထားကြောင်းနှင့် ၎င်းအမိန့်ကြေညာချက်များသည် ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်မှ အမှတ်(၃)ရပ်ကွက် ကျောက်မောင်နှမကမ်းခြေထိ အကျုံးဝင်ကြောင်း သိရသည်။

 

ကိုကိုမောင် ရွှေသောင်ယံ(ပြန်/ဆက်)