နေပြည်တော် မတ် ၂၄
ASEAN Plus Three Emergency Rice Reserve-(APTERR) အစီအစဉ်-၃ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့ Program Management Team(PMT) အလုပ်ရုံဆွေးနွေးပွဲကို မတ် ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ အခမ်းအနားတွင် PMT ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ PMT ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် APTERR အစီအစဉ်-၃ အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ APTERR အစီအစဉ်တွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိဆောင်ရွက်နေမှု၊ APTERR အစီအစဉ် -၃ အကောင်အထည်ဖော် ဆောင်ရွက်မှုမှရရှိသည့် အကျိုးကျေးဇူးများနှင့် မြေပြင်အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြကြောင်း၊ အာဆီယံ+၃ အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်(၃) APTERR (Tier-3) တွင် သိုလှောင်ဆန်ကို လှူဒါန်းမှုအကူအညီဖြင့် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ အရေးပေါ် ကူညီထောက်ပံ့မှုသည် အကူအညီရယူသည့် နိုင်ငံ၏ ဆင်းရဲချမ်းသာမှု၊ ဆန်စပါးထုတ်လုပ်နိုင်မှုစွမ်းအားတို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ ဒေသအတွင်း စားနပ်ရိက္ခာဖူလုံရေး၊ အရေးပေါ် လိုအပ်ချက်ကြုံတွေ့ရပါက ထိရောက်သော ဆန်ရိက္ခာ ကူညီထောက်ပံ့ပေးနိုင်ရေးကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်