၃၀ ဇွန်

 

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် မောင်တောဒေသတွင် ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခအရေးနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေးကောင်စီ၏ စွပ်စွဲပြစ်တင်မှုများ၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အပြစ်ပေးအရေးယူရန် ကြိုးပမ်းအားထုတ်မှုများကို ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများမှတစ်ဆင့် ကျယ်ကျယ်လောင်လောင် ကြားသိနေရပေသည်။

 

ဂျီနီဗာမြို့ ကုလသမဂ္ဂရုံး၌ ဇွန် ၁၈ ရက်မှ ဇူလိုင် ၆ ရက်အထိ ပြုလုပ်လျက်ရှိသည့် လူ့အခွင့်အရေးကောင်စီ၏ (၃၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ဇွန် ၂၇ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူမှ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့်စပ်လျဉ်း၍ အစီရင်ခံစာကို နှုတ်ဖြင့် တင်သွင်းခဲ့သည့် အကြောင်းကိစ္စရပ်တွင် အဆိုပါအရေးပါဝင်လာသည်။

 

ရခိုင်ပြည်နယ် မောင်တောဖြစ်စဉ်နှင့်ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်သည်ဟူသော တစ်ဖက်သတ်စွပ်စွဲမှုများမှာ မောင်တောပဋိပက္ခ ဖြစ်ပွားစဉ်အချိန်မှစတင်၍ ယနေ့ထက်တိုင် ကြားသိနေရဆဲဖြစ်သော အကြောင်းကိစ္စဖြစ်ပေသည်။ ယခုတစ်ဖန် ဂျီနီဗာအစည်းအဝေးတွင် အထူးအစီရင်ခံစာတင်သွင်းသူက ထိုကိစ္စတင်ပြချက်ကို ထပ်မံပြောကြားလာပြန်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

 

ပြည်သူများ၏ တစ်ခဲနက်ထောက်ခံမှုဖြင့် နိုင်ငံ့တာဝန်ကိုယူခဲ့သည့် ပြည်သူ့အစိုးရသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ နိုင်ငံတည်ငြိမ်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း လျစ်လျူရှု ပစ်ပယ်ထားခြင်း မရှိချေ။ လူ့အခွင့်အရေးချိုးဖောက်မှုအား အထောက်အထားခိုင်ခိုင်လုံလုံ သိရှိရပါကကျူးလွန်သူတို့ကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်အသိပေး ပြောကြားထားပြီးဖြစ်သည်။

 

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့်အခြေအနေသည် ရှည်လျားသော နောက်ခံသမိုင်းကြောင်းရှိသည့် ရှုပ်ထွေးသောစိန်ခေါ်မှုတစ်ခုဖြစ်သည်။ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နယ်မြေတည်တံ့မှု၊ အကြမ်းဖက်မှု၊ တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေးနှင့် ကြီးမားသော ရွှေ့ပြောင်းမှု စသည့် ရှုထောင့်အမျိုးမျိုးပါဝင်နေသည်။ ယင်းအခြေအနေအပေါ်တွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှု ကြီးမားသဖြင့် သိမ်မွေ့စွာဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည်။ ယခုအခါ မြန်မာအစိုးရနှင့် UNDP၊ UNHCR တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို စတင်နိုင်တော့မည်ဟု ယုံကြည်ထားသည်။

 

သို့ရာတွင် လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူမှာ အပြုသဘောဆောင် အကောင်းမြင်စိတ်ထားမရှိဘဲ ဘက်လိုက်မှုနှင့် မမျှတမှုတို့ဖြင့် လုပ်ဆောင်လျက်ရှိသည်ကို မြင်တွေ့ကြားသိနေရသည်။ ဓမ္မဓိဋ္ဌာန်မကျမှုနှင့် ကုလသမဂ္ဂဝန်ထမ်းကျင့်ထုံးများကို လိုက်နာမှုအားနည်းနေကြောင်း မြန်မာပြည်သူများက သုံးသပ်ထားကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အထူးအစီရင်ခံစာတင်သွင်းသူအသစ် ခန့်ထားပေးရန် တောင်းဆိုခဲ့သော်လည်း လျစ်လျူရှုထားသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။

 

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရေးအတွက် ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းတို့အကြား အပြုသဘောဆောင်၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု အစဉ်အမြဲ ယုံကြည်ထားပါကြောင်း။

 

ကြေးမုံ