၂၂ ဇွန်
သုံးပွင့်ဆိုင်နားလည်မှု စာချွန်လွှာရေးထိုးခြင်းနှင့် မြန်မာအစိုးရက စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းခြင်းတို့နှင့် စပ်လျဉ်း၍ ဥရောပသမဂ္ဂကထောက်ခံအားပေးကြောင်း ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့က ဇွန်၂၀ ရက်တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လိုက်သည်ကိုသိရသည်။
ဥရောပသမဂ္ဂက ထောက်ခံအားပေးကြောင်း ထုတ်ပြန်သည့်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ယေဘုယျလေ့လာတွေ့ရှိချက်များကို ပြန်လည်တင်ပြသည်။ အထူးကိုယ်စားလှယ် က မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ရခိုင်ပြည်နယ် အရေးကိစ္စ၏ သိမ်မွေ့နက်နဲရှုပ်ထွေးမှုတို့အပေါ် အသိအမှတ်ပြုခဲ့ပြီး အသိုက်အဝန်းများအကြား သဘောထား ကြီးမားစွာကွဲလွဲနေမှုကြောင့် ပြန်လည်သင့်မြတ်ရေးအပါအဝင် နေရပ်စွန့်ခွာသွားသူများ ပြန်လာရေးအတွက် သင့်လျော်ကောင်းမွန်သည့် အခြေအနေများ ဖန်တီးပေးရန်လိုအပ်နေမှု၊ လွတ်လပ်စွာ သွားလာခွင့်နှင့် လုံခြုံရေးလိုအပ်နေမှုတို့နှင့် UNDP၊ UNHCR တို့နှင့် လက်မှတ်ရေးထိုးခဲ့သော MoUကို ဆောလျင်စွာ အကောင်အထည်ဖော်ရေးတို့ကို ပြောကြားခဲ့သည်။
အထူးကိုယ်စားလှယ်၏ ပြောကြားခဲ့မှုများနှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့၏ ထုတ်ပြန်ချက်များမှာ လိုလားချက်အားဖြင့်တူညီမှုရှိသည်ဟု ဆိုနိုင်သည်။ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဖြစ်စဉ်အခြေအနေ မှန်များကို မှန်မှန်ကန်ကန်သိရှိရန်လိုအပ်ပြီး သိမ်မွေ့လေးနက်စွာဆောင်ရွက်ရန် လိုအပ်သည်။ ယင်းနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား “အသိုက်အဝန်းများအကြားယုံကြည်မှု ပြန်လည်တည်ဆောက်ရေးအတွက် သည်းခံမှုဖြင့် အချိန်ယူကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ယင်းသို့ ကြိုးပမ်းဆောင်ရွက်ရာတွင်ကုလသမဂ္ဂ၏ ပံ့ပိုးကူညီမှုလည်း လိုအပ်ကြောင်း၊ အသိုက်အဝန်းများအကြား မသင့်မမြတ်မှုများမှာ ရှေးယခင်ကပင် တည်ရှိနေခဲ့ပြီး ၂၀၁၂ခုနှစ်နောက်ပိုင်းတွင် ယိုယွင်းလာခဲ့ကာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သော ARSA ၏အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လွန်စွာဆိုးရွားသည့် အခြေအနေသို့ ရောက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာသွားလာခွင့်မရှိခြင်းမှာ လုံခြုံရေးအခြေအနေအရ စိုးရိမ်သဖြင့် မသွားရဲကြခြင်းသာဖြစ်ကြောင်း၊ ယင်းအတွက်ရခိုင်ပြည်နယ်၌ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်ပမှ အမုန်းပွားစေသော သဘောထားအမြင်များက အသိုင်းအဝိုင်းနှစ်ခုအကြား ပိုမိုကွဲပြားမှုဖြစ်စေလျက်ရှိကြောင်း၊ ထို့ကြောင့် ပြဿနာအားရှေ့ဆက်လက်၍မည်သို့ဖြေရှင်းမည်ကို အလေးပေးဆောင်ရွက်ရန် လိုအပ်ကြောင်း”စသည်ဖြင့် ပြန်လည်ပြောကြားခဲ့သည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ သိရှိနားလည်ထားရန်တို့နှင့် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်မှုတို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ်ရာ သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းနှင့် မြန်မာအစိုးရ၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အပြုသဘောဆောင် အကောင်းမြင်စိတ်ထားနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပြီး စိတ်ရှည်သည်းခံမှု၊ အချိန်ယူဆောင်ရွက်မှုတို့ဖြင့် သိမ်မွေ့နက်နဲသော ပြဿနာကို ရှုပ်ထွေးခြင်းမဖြစ်အောင် ဆွေးနွေးညှိနှိုင်း အဖြေရှာကာ အလေးထားဆောင်ရွက်သင့်သည်ဟု ရှုမြင်ပါကြောင်း။ ။