၂၂ ဧပြီ

 

၂၀၁၉မြန်မာပြည်ရဲ့ ဧပြီလ၊ မေလတွေဟာ တော်တော်ကိုပူတဲ့လတွေပါ။ အထူးသဖြင့် အညာ ဒေသတွေမှာ    နှစ်စဉ်ဒီအပူဒဏ်ကို  ရေရေလည်လည်  ခံစားရပါတယ်။    အပူချိန်က ဖာရင်ဟိုက်နဲ့ ပြောရရင် ၁၀ဝ ကျော်၊ စင်တီဂရိတ်နဲ့ဆိုရင် ၄၀ ကျော်လောက် ရှိပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက    နေခဲ့ဖူးတဲ့  အညာကမြို့တွေဖြစ်တဲ့  မြင်းခြံ၊  မိတ္ထီလာ၊ ဝမ်းတွင်းမြို့တွေမှာ  နွေရာသီကျောင်းပိတ်မှာကို  အထူးပဲကြောက်မိပါတယ်။ ပူတယ်ဆိုတာက လေကလည်းပူ၊ ဟိုဟာထိလည်းပူ၊ ဒီဟာထိလည်းပူ၊ ယပ်ခတ်လည်း လေပူကြီးပဲလာတာပဲ။  မီးဖိုကြီးထဲ  ဝင်နေသလိုကို  ပူပါတယ်။  ပူကလည်း  ပူဆိုတော့ အမေကလည်း အပြင်မှာထွက်ပြီး ဆော့ခွင့်၊ ကစားခွင့်မပေးဘူး။ အဲဒီတုန်းကတော့ ပူတာပဲသိတယ်။  အဲဒီလို  ပူပူလောင်လောင်မှာ    ကျွန်တော့်ဖခင်ကြီး    အငြိမ်းစားရဲဝန်ထောက်နဲ့ရန်ကုန်တက္ကသိုလ်တက်နေပြီး ကျောင်းပိတ်လို့ ပြန်လာတဲ့ အစ်ကိုကြီးက နေ့လယ်မှာ ဖတ်ဖို့အင်္ဂလိပ်စာအုပ်တွေ သတ်မှတ်ပေးထားပါတယ်။ အဲဒီတုန်းကတော့ ပူလို့အပြင်မထွက်ရ၊  မဆော့ရစာဖတ်နေရလို့  စိတ်ညစ်တာပဲရှိတယ်။  အပူဒဏ်ဟာ လူတွေကို ဘယ်လောက်တောင် ဒုက္ခပေးနိုင်တယ်၊ သေစေနိုင်တယ်ဆိုတာကို အဲဒီတုန်းကတော့ မသိဘူးပေါ့။

အပူလျှပ်က စနစ်တကျကုသ မန္တလေးဆေးတက္ကသိုလ် နောက်ဆုံးနှစ်ရောက်တော့မှ ကျွန်တော်အထူးလေးစားတဲ့ ဆရာတစ်ဦးဖြစ်တဲ့  ဆရာကြီး  ပါမောက္ခဦးထွန်းသင်က  စာသင်ရင်းအပူအန္တရာယ် တွေအကြောင်းပြောတော့မှ  တဖြည်းဖြည်းမှ  အပူဒဏ်ဘယ်လောက်  ကြောက်စရာ ကောင်းတယ်ဆိုတာ      သိလာပါတယ်။    ဆရာကြီးပြောတဲ့အတိုင်း  ပြောရရင်တော့  “ငါအင်္ဂလန်မှာ ပညာသွားသင်ပြီး MRCP ရပြီး ပြန်ရောက်ရောက်ချင်း ငါ့ကိုမန္တလေး ဆေးရုံကြီးကို  အထူးကုဆရာဝန်အနေနဲ့  ပို့လိုက်တယ်။  ငါကလည်း  အောက်သား၊ ရန်ကုန်သား၊  အညာမှာ    တစ်ခါမှမနေဖူးဘူး။  မန္တလေးဆေးရုံကြီးမှာ  အလုပ်ဝင်ပြီး နွေလည်းရောက်ရော အတော်ပူတဲ့ ဧပြီ၊ မေလတွေရောက်တော့ ငါ့လူနာတွေ တဖြုတ် ဖြုတ်သေတော့တာပဲ။  တချို့လည်း  နှလုံး၊  ဆီးချိုစတဲ့  ရောဂါတွေရှိလို့  တချို့လည်း ဘာရောဂါမှမရှိဘဲ    အကောင်းကြီးကနေ  သတိလစ်လို့ဆိုခေါ်လာ၊    ဆေးရုံလည်း ရောက်ရော သေရော၊ နောက်မှ သဘောပေါက်တာကွ၊ ဒါဆေးအခေါ် (Heat-stroke)မြန်မာလို အပူလေသင်တုန်း၊ ဒါမှမဟုတ် အညာအခေါ် အပူလျှပ်သွားတာပေါ့။ သေတယ် ဟေ့။ ပူရင်သေတတ်တယ်ဆိုတာ မင်းတို့ဘယ်တော့မှ မမေ့ကြနဲ့။  (Heat-stroke)အပူမလျှပ်ခင်က ကြိုတင်ကာကွယ်ရမယ်။ ဖြစ်ပြီဆိုရင်တော့ မလွယ်ဘူး၊ စနစ်တကျ မကုလို့က သေတာများတယ်” လို့ပြောပြီး သူ့အတွေ့အကြုံပေါ်မူတည်ပြီး သိပ္ပံနည်းကျ အပူလျှပ်ကုထုံးကုနည်းတွေ သင်ပေးခဲ့တာကို ဒီနေ့အထိ မမေ့ပါ။

 

ဆရာဝန်ဖြစ်လာလို့ အလုပ်စဝင်တော့လည်း မန္တလေးဆေးရုံကြီးမှာပဲ ဖြစ်ပါတယ်။ အဲဒီတော့မှ အပူလျှပ်တာတွေကိုနဖူးတွေ့ ၊ ဒူးတွေ့ကိုယ်တိုင်စတွေ့တော့တာပဲ။ မှတ်မိ ပါသေးတယ်၊ မန္တလေးတက္ကသိုလ်က ပထမနှစ်ကျောင်းသူလေး ညနေဘတ်စကက်ဘော ကစားတယ်၊ ပြီးတော့ရေချိုးတယ်၊ ည ၇ နာရီလောက်ရောက်တော့ ကယောင်ကတမ်း ပြောတယ်၊ ပယောဂထင်ပြီး ပယောဂဆရာနဲ့ကုတယ်။ အပူတွေတက်လာတယ်။ ဆေးရုံ ကို  ည  ၈  နာရီရောက်တယ်။  ဒီကျောင်းသူလေးဘာဖြစ်တယ်ဆိုတာကို  ကျွန်တော် တို့ကတော့ (Heat-stroke)  အပူလျှပ်မှန်း  သိပါတယ်။  နည်းမျိုးစုံနဲ့  ကုပေမယ့် နောက်ကျသွားပါပြီ။ ဆေးရုံရောက်ပြီး နာရီဝက်အတွင်းမှာု ဆုံးသွားပါတယ်။

 

အပူဒဏ်ဟာအန္တရာယ်ရှိ

 

ကျွန်တော်အခုလို အပူအန္တရာယ်တွေ အရေးကြီးကြောင်း သတိပေးရေးနေရတာက  အညာနွေရာသီအပူဒဏ်ကို    ပြည်သူတွေ    ပေါ့ပေါ့ဆဆမနေဘဲ  သတိထားဖို့ပါ။ အခုအခါမှာ ရာသီဥတုတွေပြောင်းလဲမှုကြောင့် အပူဒဏ်ဟာ အညာမှာတင် မကတော့ပါဘူး။ ရန်ကုန်မှာလည်း အပူချိန်တွေ မြင့်နေတော့ မြန်မာတစ်နိုင်ငံလုံး ဘယ်မှာနေနေ နွေရာသီမှာ သိပ်ပူလာတယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်။ သေနိုင်တယ်ဆိုတာ သတိပေးချင်လို့ပါ။

 

မြန်မာနိုင်ငံရဲ့ အဆိုးရွားဆုံး အတွေ့အကြုံကို ပြောရမယ်ဆိုရင် ၁၉၈၈ ခုနှစ်မှာ ပခုက္ကူမြို့နယ်မှာ အပူလှိုင်းဖြတ်ပြီး  နှစ်ပတ်အတွင်းမှာ လူ၂၀ဝ ကျော် သေခဲ့ပါတယ်။ အဲဒီတုန်းက  ကျွန်တော်ဆေးသုတေသနမှာ တာဝန်ထမ်းဆောင်နေရတော့ ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့  ဒေါက်တာခင်မောင်တင်က  “ခင်ဗျားအဖွဲ့ခေါင်းဆောင်လုပ်ပြီး ပခုက္ကူကိုသွားပြီး  ဘယ်လိုဖြစ်လို့  ဒီလောက်အပူဒဏ်ကြောင့်   သေကုန်ရတာလဲ၊ သွားစုံစမ်းပါ” ဆိုလို့ ကျွန်တော်အပူဒဏ်သုတေသနလုပ်ဖို့သုတေသနအရာရှိ ဦးထွန်းခင်  (ယခု USA) နဲ့အတူ သွားလေ့လာခဲ့ဖူးပါတယ်။ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်၊  ကြက်ခြေနီ၊  မြန်မာနိုင်ငံဆရာဝန်အသင်း၊    ဆေးရုံတို့နဲ့  ပူးပေါင်းပြီးတစ်မြို့လုံး အိမ်တိုင်းကို သွားရောက်ပြီး သုတေသနစစ်တမ်း ထုတ်ခဲ့ဖူးပါတယ်။ ဘာကြောင့် ဒီလိုတွေ သေကုန်ကြရသလဲဆိုတော့ နေထိုင်၊ စားသောက်၊ ဝတ်စားမှုနည်းလမ်းတွေလွဲလို့ ဒီလိုအပူလျှပ်ပြီး သေကုန်ရတာပါ။

 

အပူဒဏ်မခံရအောင်နေထိုင်

 

မြန်မာတွေဟာ နှစ်ပေါင်းများစွာ အလွန်ပူတဲ့အညာဒေသမှာ နေထိုင်ခဲ့ကြတာပါ။ အရင်တုန်းကဆိုရင်  မိုးခေါင်ရေရှားရပ်ဝန်းဒေသလို့တောင်အခေါ်ခံခဲ့ရတဲ့ မန္တလေး၊ မိတ္ထီလာ၊    မကွေး၊    ပခုက္ကူဒေသတွေမှာ  မြန်မာတွေ    ဘိုးစဉ်ဘောင်ဆက်အပူဒဏ် အန္တရာယ်တွေ မခံရအောင် ဘယ်လိုနေထိုင် လာခဲ့တယ်ဆိုတဲ့ မြန်မာအညာဓလေ့တွေကို ပထမဦးစွာပြောပါရစေ။

 

အဲဒီလို ပူပူလောင်လောင်ထဲမှာ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်အောင် ကာကွယ်ဖို့    ဘယ်လိုနေရမယ်၊    ဘယ်လိုစားသောက်ရမယ်၊  ဘယ်လိုဝတ်စားရမယ်ဆိုတာ ကျွန်တော့်အမေကြီး (အညာအခေါ် ဖြစ်ပါတယ်၊ မိခင်ရဲ့ အမေကိုခေါ်တာပါ) က ဆုံးမ သွန်သင်ခဲ့တာတွေကို အခုလိုပူလှတဲ့ လတွေတိုင်းမှာ သတိရမိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဂေါက်ကွင်းမှာ  ငါးနာရီလောက်ကြာအောင် ဂေါက်သီးရိုက်၊ နေပူထဲမှာ ကစားပြီး ဂေါက်ကလပ်ထဲ ရောက်ရောက်ချင်း နည်းနည်းလေးမှမနားဘဲ ရေတန်းချိုးတဲ့ ကျွန်တော့်မိတ်ဆွေ        ဂေါက်သမားတွေကိုတွေ့တိုင်း  အမေကြီး  ပြောခဲ့တာတွေကို သူတို့ကို   ပြောပြချင်ပါတယ်။ 

 

အပူဒဏ်ကာကွယ်နည်း

 

အဝတ်အစားအနေနဲ့ စပြီးပြောရမယ်ဆိုရင် အညာဒေသရွာတွေမှာ ဟိုတုန်းက လက်ရက်ဖျင်သား      အင်္ကျီကိုပဲ    ဝတ်ကြပါတယ်။    ဒီအင်္ကျီတွေကတော့  အခုခေတ်အမေရိကန်၊ အင်္ဂလန်နိုင်ငံခြားမှာ ဝယ်မယ်ဆိုရင် ဈေးအလွန်ကြီးတဲ့ ချည်သားစစ်စစ် (Pure Cotton) တွေလို  လက်လုပ်ချည်စစ်စစ်နဲ့  ရွာမှာရက်ထားတဲ့  ဖျင်စတွေကို ချုပ်ထားတာပါ။  အညာမှာဝတ်တဲ့ဖျင်အင်္ကျီအရောင်ကလည်းဘယ်တော့မှ အရောင်မရင့်ဘူး၊ ခပ်ဖျော့ဖျော့လေးတွေ ချည်းပဲ၊ အဲဒီလိုအရောင်ဖျော့တော့အပူကို မစုပ်တော့ အပူတွေကို ကန်ထုတ်ပြီး ကိုယ်ထဲကိုအပူတွေ မဝင်ဘူးပေါ့၊ ဖျင်သားအစဟာ ဝတ်လိုက်ရင် အသားနဲ့ထိရတာအေးနေပါတယ်။  လက်နဲ့ရက်ထားတော့ အသားဟာကျစ်မနေဘဲ၊ ပွနေပြီး အပေါက်လေးတွေနဲ့ လေဝင်လေထွက်ကောင်းပြီး အပူဒဏ်ကို ကာကွယ်တဲ့ (Insulation Effect)  အကျိုးကျေးဇူးရတာပေါ့။  လုံချည်တွေကလည်း  ချည်သား လုံချည်ပဲ၊  အခုခေတ်မှာတော့  အဝတ်အထည်တွေကို  နိုင်လွန် (Nylon)၊  ရေရွန် (Rayon) အစရှိတဲ့သဘာဝမဟုတ်တဲ့(Synthetic) လို့ခေါ်တဲ့  ဓာတုဗေဒနည်းနဲ့ လုပ်ထားတဲ့ချည်တွေနဲ့ ရက်တော့၊ ပူတာပေါ့။ နွေရာသီပူပူကြီးမှာ အဲဒီလို နိုင်ငံခြားလုပ် အင်္ကျီအရောင်ရင့်ရင့်ကြီးတွေ၊ မည်းမည်းကြီးတွေ ဝတ်တော့၊ အပူတွေကို လှောင်ထားပြီး အပြင်ကအပူတွေကို ကိုယ်ထဲကို စုပ်ယူတော့တာပေါ့။  အညာမှာဆိုရင် ရွာသား တွေဟာ နေပူထဲကိုထွက်ရင် မျက်နှာသုတ်ပဝါအဖြူနဲ့ ခေါင်းပေါင်းအမြဲပေါင်းလေ့ရှိတယ်။ ဒါလည်းအပူဒဏ်ကာကွယ်နည်း တစ်ခုပေါ့။

 

အညာကလူတွေ    ရာသီဥတုပူတုန်းမှာဆိုရင်  အကြောက်ဆုံးအရာက  အအေးဓာတ်ပဲ၊  အေးလို့ရှိရင်  ချွေးငုပ်တယ်လို့  အယူရှိတယ်။  အပူထဲကလာပြီး  ရေချိုးမယ်။ ရေအေးနဲ့ ဖျန်းမယ်၊ ပက်မယ်၊ ရေခဲရေသောက်မယ်၊  ရေခဲမုန့်စားမယ်၊ လေအေးစက် (Ari con) တပ်ထားတဲ့ အခန်းထဲကို ရုတ်တရက်ဝင်မယ်ဆိုတာတွေဟာ ကျွန်တော့် အမေကြီးနဲ့ အညာသူအညာသားတွေ သိပ်ကြောက်တဲ့ အရာတွေပါ။  ကိုယ်ကလည်း ကလေးဆိုတော့ ပြေးလွှားဆော့ပြီးပြန်လာရင် ရေအေးအေးသောက်ချင်တာ။ လူကြီးတွေက  လုံးဝခွင့်မပြုပါဘူး။      အညာလက်စွဲကတော့  ရေနွေးကြမ်း  ခပ်နွေးနွေးပဲ တစ်ချိန်လုံးသောက်ကြပါတယ်။ 

 

ပန်ကာလေဟာကြောက်စရာ

 

အညာအယူအဆကတော့ အအေးနဲ့ပတ်သက်လာရင် ရေခဲဆိုတာ ဝေလာဝေးပါပဲ။ မနက် ၁၀ နာရီကျော်ရင် ရေမချိုးရပါဘူး။ ညနေဆိုရင်လည်း နေအေးပြီး ၅ နာရီ၊ ၆  နာရီကျော်မှ  ရေချိုးခွင့်ပေးပါတယ်။    မျက်စိထဲမှာမြင်ကြည့်စမ်းပါ။    အညာမှာ ရွာသားတစ်ယောက် လက်ရက်ဖျင်အင်္ကျီအရောင် ဖျော့ဖျော့လေးကို ဝတ်ပြီး ချည်လုံချည်နဲ့ ရေနွေးကြမ်း ခပ်နွေးနွေးလေးသောက်လို့ ချွေးလေးတစိုစိုနဲ့  တင်ပျဉ်ခွေထိုင်နေတဲ့ ပုံပေါ့။  အညာလူကြီးတွေကြောက်တာ နောက်တစ်ခုရှိပါသေးတယ်။  အဲဒါကတော့ ပန်ကာလေပါပဲ။    နွေရာသီမှာ  ပန်ကာလေခံရင် သေတတ်တယ်ဆိုတဲ့အယူဟာ ကျွန်တော်ငယ်စဉ်က တစ်ချိန်လုံးကြားခဲ့ရတာပါ။

 

အဲဒီလို အညာအယူအဆတွေဟာ သိပ္ပံနည်းကျ ကျန်းမာရေးအယူအဆတွေနဲ့ အထူးကိုက်ညီပြီး  အညာရဲ့အပူဒဏ်အန္တရာယ်၊  အပူလျှပ်တာတွေကို  ကာကွယ်နိုင်တယ်ဆိုတာ တဖြည်းဖြည်းမှ ကျွန်တော်သဘောပေါက်ခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ အမေကြီးတို့လူကြီးတွေဟာ အလွန်အယူသည်းတာပဲ၊ ရှေးလူကြီးအညာအယူအဆတွေဟာ  ဘာမှအဓိပ္ပာယ်မရှိ  ရေခဲကိုကြောက်၊  ရေခဲရေမသောက်ရ၊  ရေအေးဖတ် မတင်ရနဲ့ ၊ ဘာတွေမှန်းလည်းမသိဘူး၊ ခေတ်နောက်ကျလိုက်တာလို့ တွေးခဲ့မိပါတယ်။ 

 

အခုတော့ဆရာဝန်လည်းဖြစ်ပြီ၊ သိပ္ပံပညာလည်း လေ့လာပြီးပြီ၊ အပူဓာတ်ဘယ်လို ကူးတယ်၊ အပူဒဏ်အန္တရာယ် ဘယ်လိုကာကွယ်ရမလဲ ဆိုတာတွေကို ခေတ်မီနည်းစနစ် တွေနဲ့ လေ့လာကြည့်လိုက်တော့ အမေကြီးပြောခဲ့တာတွေဟာ အကုန်မှန်နေပါလား၊ မြန်မာအညာဓလေ့ထုံးစံနဲ့  သိပ္ပံပညာပေါင်းစပ်ပြီး  စနစ်တကျနေထိုင်ကြမယ်ဆိုရင် တော့ အပူဒဏ်အန္တရာယ်တွေ ရလာစရာမရှိပါဘူး။

 

ကျွန်တော်ငယ်စဉ်တုန်းက အညာမှာလူကြီးတွေက နွေရာသီရောက်ရင် သွန်သင် ဆုံးမပြောကြားခဲ့တဲ့  အပူဒဏ်ကာကွယ်နည်းအညာဓလေ့တွေဟာ၊  အတွေးအခေါ် အယူအဆတွေဟာ၊ အခုခေတ်ဆေးပညာရှုထောင့်ကကြည့်ရင် ဘယ်လိုမှန်ကန်တယ် ဆိုတာကို သဘောပေါက်လာလို့ ခေတ်မီသိပ္ပံနည်းစနစ်နဲ့ ဆေးပညာရှုထောင့်ကနေ အညာအယူအဆတွေရဲ့ အနှစ်သာရတွေကို ရှင်းပြချင်ပါတယ်။

 

ပါမောက္ခ - ခင်မောင်ဝင်း (အသည်း)