ပါမောက္ခ ခင်မောင်ဝင်း(အသည်း)

 

ကျွန်တော်တွေ့ဖူးတဲ့ ၁၉၈၉ ခုနှစ် နယူးဒေလီ

၁၉၈၉ ခုနှစ်တုန်းက ကျွန်တော် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှရုံးချုပ် (WHO SEARO) ကို အသည်းရောင်အသားဝါရောဂါ အချိန်တိုအကြံပေးပုဂ္ဂိုလ် (Short Term Consultant-STC)အနေနဲ့ အဖိတ်ခံရလို့ နှစ်ပတ် သွားခဲ့ရဖူးပါတယ်။

အဲဒီတုန်းက တကယ်ထူးချွန်ပြီး ဂုဏ်ယူရမယ့် မြန်မာနိုင်ငံသား ဒေါက်တာဦးကိုကိုက (WHO SEARO)ညွှန်ကြားရေးမှူးချုပ် ဖြစ်ပါတယ်။ ဆရာဟာ မြန်မာတွေကို သိပ်ဂရုစိုက်တဲ့ အလွန်ကို ချစ်စရာကောင်းတဲ့သူတစ်ဦးပါ။ ကျွန်တော်ရောက်လို့လာတာနဲ့ ရွှေစာလုံးတွေနဲ့ ရိုက်ထားတဲ့ ဖိတ်စာနဲ့ မြန်မာနိုင်ငံက ခေတ္တရောက်နေတဲ့ ဒေါက်တာ ခင်မောင်ဝင်းကို ဂုဏ်ပြုနေ့လယ်စာ ကျွေးဖို့ဆိုပြီး SEARO က ဒါရိုက်တာတွေနဲ့ လူကြီး ၁၂ယောက်လောက်ကိုပါ ဖိတ်ပြီး ကျွန်တော့်ကို နေ့လယ်စာ ကျွေးပါတယ်။ အဲဒီလို နေ့ခင်းမှာ အလုပ်လုပ်တာ ကျွေးတာ မွေးတာကတော့ WHO SEARO က္ဘာ့ကျန်းမာရေးအဖွဲ့ အဆောက်အအုံကြီးထဲမှာဆို တော့ လေအေးစက်နဲ့ အေးနေပြီး ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် အပြင်ကို ထွက်လိုက်ရင် မီးဖိုကြီးထဲမှာ နေရသလို ပူပါတယ်။ ကျွန်တော် နယူးဒေလီကို ရောက်သွားတဲ့အချိန်က အိန္ဒိယရဲ့ အပူဆုံး နွေရာသီ ဇူလိုင်လပါ။ အပူချိန်တွေဟာ ၄၀ဒီဂရီဆဲလ်စီးယပ် (40’Celsius) အထက်မှာပါ။ အဲဒီလို ပူနေတဲ့ နယူးဒေလီမှာ ကျွန်တော်ကြုံတွေ့ခဲ့ရတာတွေကို ပြောပြချင်ပါတယ်။

 

ဧည့်ခန်းထဲက အဝတ်ရေဆွတ်လှည့်ထားတဲ့ ပန်ကာကြီးတွေ

ညနေပိုင်းမှာ WHO က မိတ်ဆွေတစ်ယောက်က သူ့ အိမ်ကို အလည်ခေါ်လို့သွားတော့ ဧည့်ခန်းနံရံမှာ ပန်ကာ အကြီးကြီးတွေတပ်ထားတာတွေ့ပါတယ်။ ဘယ်လောက်ကြီး သလဲဆိုရင် ကထိန်လှည့်တဲ့ ပဒေသာပင်ထက် ကြီးပါတယ်။ အဲဒီပန်ကာကြီးပေါ်မှာ အဝတ်ကို ရေဆွတ်တင်ထားပြီး ပန်ကာ ကြီးကို လေအလယ်အလတ် (mediun) လောက် ဖွင့်ပါ တယ်။ ရေဆွတ်ထားတဲ့ အဝတ်ကို ဖြတ်ထွက်လာတဲ့လေဟာ ကျွန်တော်တို့ကို အေးသွားစေတဲ့အပြင် ရေငွေ့ဓာတ် ပါနေပြီး လူက လန်းသွားပါတယ်။ အိပ်ခန်းတွေမှာတော့ လေအေးစက် တွေ တပ်ထားပေမယ့်လို့ ဧည့်ခန်းရောက်တော့ ကျယ်တော့ အဲဒီတုန်းက နယူးဒေလီက အိမ်တွေမှာ၊ ဧည့်ခန်းတွေမှာ အဲဒီလို ပန်ကာကြီးနဲ့ အဝတ်ရေဆွတ်တဲ့ အအေးပေးတဲ့စနစ်ကို သုံးတာကို အဲဒီခေတ်က နယူးဒေလီမှာ ကြုံခဲ့ဖူးပါတယ်။ သတိရလွမ်းဆွတ်စရာပါ။

၁၉၈၈ ခုနှစ် ပခုက္ကူမှာ အပူလှိုင်းနဲ့ လူ ၂၀ဝ သေတာကို စုံစမ်းရေးအဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ပေးခံရပြီး လေ့လာစစ်ဆေးခဲ့တာကနေ အပူဒဏ်ကို စိတ်ဝင်စားသွားလို့ အပူပိုင်းဆေးပညာစာအုပ် (Textbook of Tropical Medicine) တွေကို ဖတ်ပြီး အပူဒဏ်လေ့လာသုတေသန တွေလုပ်တော့ ကျွန်တော် နယူးဒေလီမှာ တွေ့ ခဲ့တဲ့ ပန်ကာကြီး မျိုးတွေပေါ်မှာ ရေဆွတ်အဝတ်ကိုသုံးပြီး (heat stroke)အပူလျှပ်လူနာတွေကို ကုတယ်လို့ တွေ့မိပါတယ်။ အထူးသဖြင့် သဲက္တာရအပူပိုင်း အာရပ်နိုင်ငံတွေမှာ သုံးလေ့ရှိပါတယ်လို့ ဆိုပါတယ်။

 

နယူးဒေလီက ညစာစားပွဲ

ဒီလိုနဲ့ ကျွန်တော်ရောက်နေတယ်ဆိုတာ ကြားတော့ ဆိုဗီယက်ယူနီယံက ကျွန်တော့်မိတ်ဆွေ WHO SEARO က ဒုòန်မှူးတစ်ယောက်က ကျွန်တော့်ကို ညစာဖိတ်ပါတယ်။ ကျွန်တော်က ဘယ်နှစ်နာရီမှာ ဘယ်ကိုလာရမလဲလို့ မေးတော့ သူက နယူးဒေလီမြို့လယ်ကောင်က စားသောက်ဆိုင်နာမည် ကို ပြောပါတယ်။ အချိန်ကတော့ ည ၁၀ နာရီခွဲ နောက်ပိုင်းတဲ့။ ဒါနဲ့ ကျွန်တော်က ဘာလို့ ည ၁၀ နာရီခွဲ နောက်ပိုင်းကို ချိန်းတာလဲဆိုတော့ နယူးဒေလီမြို့ရဲ့ အခုလို တအားပူတဲ့ ရာသီဥတုမှာ ည ၁၀ နာရီခွဲထက် စောပြီး ဘယ်သူမှ အိမ် အပြင်မထွက်ဘူးတဲ့။ ည ၁၀ နာရီခွဲဆိုတာ အစောဆုံး ညစာ စားတဲ့ အချိန်ပဲတဲ့။ မှတ်လောက်သားလောက်တဲ့ ၁၉၈၉ က နယူးဒေလီပါ။

ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက် စားသောက်ဆိုင်ကို ရောက်သွားတော့ လူတောင် သိပ်မရောက်သေးပါဘူး။ ကျွန်တော်တို့ စကားတပြောပြောနဲ့ ညစာစားကြတာ ည ၁၁ နာရီနောက်ပိုင်းမှာမှ လူတွေတဖွဲဖွဲ ရောက်လာကြပါတယ်။ ည ၁၂နာရီမှာတော့ ဆိုင်ပြည့်သွားပြီး ကျွန်တော်တို့ စားကြ တာ ည ၁နာရီမှ ပြီးပါတယ်။

ကြုံတုန်း အဲဒီကျွန်တော့်မိတ်ဆွေကြီးအကြောင်း ဟာသလေးနည်းနည်း ပြောချင်ပါသေးတယ်။ သူက ဆိုဗီယက်ယူနီယံက ဆိုပေမယ့်လို့ တကယ်တော့ ယူကရိန်းပြည်နယ်ကပါ။ အဲဒီတုန်း ကဆိုဗီယက်ယူနီယံက မပြိုကွဲသေးပါဘူး။ ယူကရိန်းက ဆိုဗီယက်ယူနီယံ လက်အောက်မှာပါပဲ။ ကျွန်တော်တို့တွေ စကားတွေ ဟိုဟိုဒီဒီပြောရင်း သူ့နိုင်ငံအကြောင်း၊ ကိုယ့်နိုင်ငံ အကြောင်းတွေ ရောက်သွားပါတယ်။ ကျွန်တော်တို့နိုင်ငံက နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့တိုင်း “နိုင်ငံခြားသားနဲ့ တွေ့ဆုံခြင်း အစီရင်ခံစာ”ဆိုတာကို တင်ရတယ်။ နိုင်ငံခြားသား အမည်၊ ရာထူး၊ တွေ့ဆုံသည့် အကြောင်းအရာ၊ ယင်းမှ မည်သည့် အကြောင်းအရာများ ပြောခဲ့သလဲ၊ မိမိမှမည်သို့ ပြန်လည် ဆွေးနွေးခဲ့သလဲစတဲ့ မေးခွန်း ၂၀ လောက်ရှိတဲ့ ပုံစံဖြည့်ပြီး ပြန်တင်ရတယ်။ ငါ မြန်မာပြည် ပြန်ရောက်ရင် မင်းနဲ့တွေ့တဲ့ အကြောင်း ပုံစံဖြည့်ပြီး တင်ရမယ်လို့ပြောတော့ သူက မင်း ငါနဲ့ တွေ့တာကို ဘာအကြောင်းအရာတွေ ရေးတင်မလဲလို့ မေးပါ တယ်။ ကျွန်တော်က ငါ့အတွက် လွယ်ပါတယ်။ ငါရေးနေကျ ရာသီဥတုကို အခြေခံပြီး ဖြည့်တဲ့နည်းနဲ့ ပုံစံကို ဖြည့်မှာပေါ့လို့ ပြောလိုက်ပါတယ်။ ဘယ်လိုလဲဆိုတော့ကွာ "၎င်းမှ စတင်၍ နယူးဒေလီမှာ ရာသီဥတု အတော်ပူကြောင်း ပြောကြား၊ မိမိ ဟုတ်တယ် ဒို့မြန်မာပြည် အထက်ပိုင်းမှာလည်း တော်တော် ပူတယ်လို့ ပြောကြား..." အဲဒီလိုနဲ့ ဟိုဖြည့် ဒီဖြည့်ပေါ့ကွာ။ ဒီလိုနိုင်ငံခြားသားနဲ့ တွေ့တိုင်း နိုင်ငံခြားသားတွေ့ဆုံခြင်းပုံစံ ဖြည့်ရတာ စိတ်ညစ်ပါတယ်ကွာ၊ ငါတို့နိုင်ငံကလည်း ရှုပ်ရှုပ် ယှက်ယှက်နဲ့လို့ ပြောလိုက်ပါတယ်။ အဲဒီတော့ သူက ဘာပြန် ပြောလဲဆိုတော့ "အို မင်းတို့ မြန်မာနိုင်ငံက ရှုပ်တယ်ဆိုတာ ဘာဟုတ်သေးလဲ၊ ငါတို့ ဆိုဗီယက်ယူနီယံကမှ ပိုဆိုးတာ၊ ဘယ်လိုလဲဆိုတာ ငါပြောပြမယ်။ ငါ WHO ကို မလာခင် ကိုယ်ရေးရာဇဝင်ပုံစံ ဖြည့်ရတယ်ကွ၊ အဲဒီပုံစံထဲမှာ "၁၉၄၃ ခု တပ်နီတော်လှန်ရေးကာလမှာ မင်းဟာ တပ်နီဘက်က ပါသလား၊ ဇာဘုရင်ဘက်က ပါသလား"လို့ မေးထားတဲ့ မေးခွန်းတစ်ခု ပါလာတယ်ကွာ၊ အဲဒီတော့ ငါက ပုံစံတင်ရတဲ့ ကွန်မြူနစ်ပါတီရုံး က အရာရှိကို ၁၉၄၃ ခုနှစ်တုန်းက ငါမမွေးသေးဘူးလို့ ပြော တယ်။ အဲဒီတော့ အဲဒီအရာရှိက ဘယ်လိုပြောသလဲဆိုတော့ "မင်းမွေးတာ မမွေးတာ ဘာမှ အရေးမကြီးဘူး။ မင်း အဲဒီ တုန်းက တပ်နီဘက်ကလား ဇာဘုရင်ဘက်ကလား ဆိုတာကို ဖြည့်၊ မဖြည့်ရင်တော့ မင်းနိုင်ငံခြားမသွားရဘူး"လို့ ပြောတယ်။ ဒါနဲ့ ငါလည်းသူပြောသလိုပဲ၊ မွေးတာ မမွေးသေးတာတွေ စဉ်းစားမနေတော့ဘူး။ တပ်နီဘက်ကလို့ ဖြည့်လိုက်တယ်။ အဲဒီတော့မှ ပုံစံဖြည့်တာ အဆင်ပြေသွားတယ်။ သူလည်း အဲဒီဇာတ်လမ်းပြောပြပြီး ဟက်ဟက်ပက်ပက် ရယ်ပါတော့တယ်။ တကယ့်ဖြစ်ရပ်မှန်လေး ကြုံတုန်းပြောပြတာပါ။

အခုတော့ မြန်မာပြည်မှာလည်း နိုင်ငံခြားသားတွေ့လို့ ဘာပုံစံမှ မဖြည့်။ဆိုဗီယက်ယူနီယံလည်း ပြိုကွဲသွားပြီး ယူကရိန်း ကလည်း သီးသန့်လွတ်လပ်တဲ့ နိုင်ငံဖြစ်သွားပြီ။ ဘယ်လောက် အထိ လွတ်လပ်သွားသလဲဆိုရင် မနေ့ကပဲ သတင်းမှာ ကြည့်လိုက်ရပါတယ်။ ရုပ်ရှင် ဟာသသရုပ်ဆောင်တစ်ယောက်က မမျှော်လင့်ဘဲ မဲအပြတ်အသတ်နိုင်ပြီး ယူကရိန်းနိုင်ငံရဲ့ သမ္မတဖြစ်သွားတယ်တဲ့။ နှစ်တွေလည်းကြာ၊ ခေတ်တွေစနစ်တွေ လည်းပြောင်း၊ ကျွန်တော့်ရဲ့ ၁၉၈၉ ခုနှစ် နယူးဒေလီ ခရီးစဉ်လေး တုန်းက အတွေ့အကြုံတွေနဲ့ ကွာခြားသွားလိုက်တာ။

 

လူ့ခန္ဒာကိုယ်ထဲမှာ အပူချိန်ညှိနှိုင်းထိန်းချုပ်ထားပုံ

လူ့ခန္ဒာကိုယ်ထဲမှာ ဆဲလ်တွေဟာ သူ့ဘာသာဇီဝဖြစ်စဉ်တွေ ဖြစ်ပြီး အပူဓာတ်တွေ ထွက်နေပါတယ်။ကြွက်သားတွေ တအား လှုပ်ရှားမှု လုပ်တဲ့အခါမှာ ဥပမာ ဘောလုံးကစားမယ်၊ ပြေးမယ်၊ ဆော့မယ်ဆိုရင်တော့ကြွက်သားတွေကနေ အပူဓာတ် (Heat)တွေ အများကြီး ထွက်လာတာပါ။

ရှေ့မှာပြောခဲ့သလိုပဲ အဲဒီလိုထွက်လာတဲ့အပူတွေကို ခန္ဒာကိုယ်အတွက် အကောင်းဆုံး 37 ± 0.5C မှာ ရှိနေအောင် ထိန်းကွပ် ညှိနှိုင်းတာကို သာမိုရယ်ဂူလေးရှင်း (Thermoregulation) လို့ ခေါ်ပါတယ်။ ထိန်းချုပ်မှုဗဟိုဌာနချုပ်ကတော့ ဦးနှောက်ထဲမှာရှိတဲ့ ဟိုင်ပိုသားလမတ်စ် (Hypotholmues)နေရာလည်း ဖြစ်ပါတယ်။

အဲဒီလိုသာ အပူချိန်ကို သတ်မှတ်ချက်မှာ ထိန်းထားနိုင်မှ သာ ဆဲလ်တွေထဲမှာရှိတဲ့ အင်ဇိုင်းတွေနဲ့ ဇီဝဖြစ်စဉ်တွေဟာ ပုံမှန်အလုပ်တွေ ဆောင်ရွက်နိုင်ပါတယ်။ အပူလျှပ်လို့ အပူချိန် သိပ်တက်သွားလို့ သူတို့တစ်တွေအလုပ် မလုပ်တော့ဘူးဆိုရင် လူသေပြီပေါ့။

 

အပူဒဏ်ရဲ့ အကျိုးဆက်ရောဂါများ

လူ့ခန္ဒာကိုယ်ထဲမှာ အပူဓာတ်တွေ စွန့်ပစ်တဲ့နှုန်းထက် အပူ တွေက ပိုထွက်လာမယ်ဆိုရင် လူ့ခန္ဒာကိုယ်အတွင်း အပူချိန် (Core Temperature) ဟာ တက်လာပါလိမ့်မယ်။ အဲဒီခန္ဒာ ကိုယ်အတွင်း (core) အပူချိန်ဟာ မထိန်းနိုင်မသိမ်းနိုင်တက် သွားရင်တော့ အပူဒဏ်ရောဂါတွေ ရတော့မှာပေါ့။

 

ဘယ်လိုလူတွေမှာ အပူဒဏ်ရောဂါတွေ ပိုပြီး ဖြစ်တတ်လဲ

၁။အားစိုက်လှုပ်ရှား အပူဒဏ်ရောဂါ (Exertional Heat Illness)

ခန္ဒာကိုယ်ထဲက အပူတွေ ထွက်တာဟာ လှုပ်ရှားမှုကြောင့် အပူဓာတ်တွေ အများကြီးထွက်လာပြီး အဲဒီအပူတွေကို မထိန်းနိုင်၊ မစွန့်ပစ်နိုင်တဲ့အခါမှာ အပူလွန်ရောဂါဖြစ်လာပါ တယ်။ အဲဒါကို (Exertional Heat Illness လို့ခေါ်ပါတယ်။

အားကစားသမားတွေ နွေရာသီ နေပူပူကြီးမှာ မဆင် မခြင်အလွန်အကျွံ အားကစားလှုပ်ရှားမှုတွေ လုပ်တာဟာ အလွန်အ္တရာယ်များပါတယ်။ အပူဒဏ်ရောဂါတွေ ရတတ် ပါတယ်။ ဥပမာပြောရရင် ကျွန်တော့်သားလေး ထူးခိုင်ဝင်းဟာ ဂေါက်သီး ရိုက်တာကို အထူးစွဲစွဲလမ်းလမ်းပါ။ မနက်လင်းကနေ ရိုက်လိုက်ရင် ညနေမှ ပြီးတယ်။ ပုံမှန်ဂေါက်ဆိုတာ ၁၈ ကျင်းပဲ ရိုက်ရမှာကို ၂ ဆ ၃၆ကျင်း ရိုက်လေ့ရှိတယ်။ ဒါကြောင့် အဲဒီလို ဂေါက်သီးအပြင်းအထန်ရိုက်ရမယ်ဆိုရင် အပူဒဏ်ရောဂါတွေ တွေ့ရနိုင်တာမို့လို့ အခု ဧပြီလ တစ်လလုံး ဂေါက်မရိုက်ရလို့ တားမြစ်ထားရပါတယ်။

ပြီးတော့အကြောင်းကြောင်းကြောင့် အားကစားတွေ လည်း အပြင်းအထန် လုပ်ပြီးတော့ သင့်တော်တဲ့ အဝတ်အစား ကို မဝတ်ဘူး။ အရောင်မည်း၊ အရောင်ရင့်တွေ၊ အသားကပ် အင်္ကျီ၊ ဘောင်းဘီတွေဝတ်တယ်ဆိုရင် ပိုတောင် ဆိုးတော့ တာပေါ့။ အားစိုက် လှုပ်ရှား အပူဒဏ် ((Exertional Heat Illness) ရမှာပါ။

၂။ အားစိုက်လှုပ်ရှားမှု မရှိ အပူဒဏ်ရောဂါ (Non- Exertional Heat Illness)

အချို့ကျတော့လည်း လှုပ်ရှားမှုတော့ ဘာမှမလုပ် ဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်အပူချိန်တက်လာတာနဲ့ကို အပူဒဏ်ရောဂါတွေ ပေါ်လာတတ်ပါတယ်။ အဲဒီလို အားစိုက် လှုပ်ရှားမှုမရှိဘဲ အပူဒဏ်ရောဂါတွေ ဖြစ်တာကို Non-Exertional Heat Illness  လို့ ခေါ်ပါတယ်။

အားစိုက်လှုပ်ရှားမှု မလုပ်ဘဲ ပတ်ဝန်းကျင်ကြီး ပူလာတာ နဲ့ အပူဒဏ်ရောဂါတွေ အလွယ်တကူ ရတတ်တဲ့သူတွေက တော့ အသက်ကြီးတဲ့သူတွေ၊ ဆီးချိုရောဂါသည်၊ အရက်တွေ သောက်သုံးတာများရင် အပူဒဏ်ရောဂါဖြစ်စေတတ်တဲ့ ဆေး တွေ သောက်ထားတဲ့သူတွေ (ဆီးဆေး၊ Phenothiozine၊ Antimuscarnic ဆေး)

၃။ အပူဒဏ်ခံအလေ့အကျင့်မရှိသူများ (Non- acclimatized persons)

ရန်ကုန်မြို့ထဲမှာ ကားမောင်းလာရင် ဖိုင်ဘာဦးထုပ် ဆောင်း၊ ယူနီဖောင်းနဲ့ နေပူပူမှာ မတ်တပ်ရပ်ပြီး ခရာတရွှီ ရွှီနဲ့ လက်ပြနေတဲ့ မော်တော်ပီကယ်ရဲတွေကို တွေ့ရင် ကျွန်တော် က ကျွန်တော့်ယာဉ်မောင်း မောင်စံထူးကို ပြောလေ့ရှိပါတယ်။ “မင်းသာအဲဒီလို မော်တော်ပီကယ်လို လက်ပြရရင် နာရီဝက် ဆို လဲပြီ”။ ဟုတ်ပါတယ် အမြဲတမ်းအိမ်မှာ လေအေးစက် နဲ့နေ၊ ကားပေါ်မှာ လေအေးစက်နဲ့ အကျင့်ပါနေတဲ့ တပည့် ကျော် မောင်စံထူးက ဘယ်လိုလုပ်ပြီး နေပူထဲမှာ မော်တော် ပီကယ်တွေလို အကြာကြီးနေနိုင်မလဲ။

အဲဒီလို အပူဒဏ်ကို အကျင့်ရှိတာကို အကလင်မတိုင် စေးရှင်း(Acclimatization) လို့ ခေါ်ပါတယ်။ ဒီလို acclimatioes အပူဒဏ်ကျင့်သားရနေတဲ့သူတွေဟာ သာမန်လူတွေထက်ချွေးထွက်တာပိုများတယ် (Increased sweat volume) ထွက်တဲ့ ချွေးထဲမှာလည်း အငန်ဓာတ် ဆိုဒီယမ် ဓာတ်ဟာ နည်းသွားတယ်။ အဲဒီတော့ လူ့ခန္ဒာကိုယ်ရဲ့ ချွေးထဲကနေ ဆိုဒီယမ်ဓာတ်ဆုံးရှုံးမှုနည်းတာပေါ့။ ပြီးတော့ ကိုယ်ထဲက ဆိုဒီယမ်ဓာတ်တွေကို ထိန်းပေးဖို့ အယ်လ်ဒိုစတာ ရုံး (Aldosterone) ဟော်မုန်းကိုလည်း ပိုထုတ်ပေးပါတယ်။

နေပူထဲမှာ အလုပ်အမြဲလုပ်နေတဲ့သူတွေ ဥပမာ ဆိုက် ကားသမား၊ ဆောက်လုပ်ရေးလုပ်သား၊ လယ်သမား စတဲ့သူ တွေက အထက်ကပြောထားတဲ့ Acclimatization ရပြီးသား သူတွေဆိုတော့ ချွေးကလည်း ပိုထွက်တယ်။ အဲဒီတော့ ချွေးတွေ အငွေ့ပျံပြီး ငွေ့ပျံအောင်းယူနည်းစနစ်နဲ့ ကိုယ့်ခန္ဒာကိုယ်ထဲက အပူတွေကို ထိထိရောက်ရောက်စွန့်ပစ်တယ်။ ချွေးထဲမှာလည်း ဆိုဒီယမ်နည်းနည်းပဲပါတယ်ဆိုတော့ ဆား ဓာတ်တွေ အများကြီးဆုံးရှုံးမသွားဘူး၊ ပြီးတော့ အယ်လ ဒိုစတာရုန်းဟော်မုန်းတွေ ပိုထွက်လာလို့ သွေးထဲမှာ ဆိုဒီယမ် ဓာတ်တွေလျော့မသွားအောင် ထိန်းထားနိုင်ပါတယ်။ ဒါကြောင့် သူတို့လို နေပူထဲမှာ လုပ်နေကြသူတွေဟာ သာမန်အားဖြင့် တော့ အပူဒဏ်ရောဂါတွေ မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ တွေ နံနက် ၁၀ နာရီနဲ့ ညနေ ၅ နာရီကြား နားနေတဲ့အချိန် မှာ ေ Acclimatization ကျင့်သားရပြီး လုပ်သားတွေကတော့ နားမနေဘဲ နေပူထဲမှာ အလုပ်လုပ်နေနိုင်တာပါ။

မြန်မာ့အလင်း