၂၉ ဧပြီ
ကျွန်တော်တို့ငယ်ငယ်တုန်းက သတ္တမတန်း ပထဝီဘာသာရပ်မှာ မြန်မာနိုင်ငံကို ရပ်ဝန်းကြီးတွေခွဲခြားပြီး သင်တာကို မှတ်မိနေပါသေးတယ်။ ကျန်တဲ့ရပ်ဝန်းတွေကိုတော့ မမှတ်မိတော့ပါ။ ကျွန်တော်တို့ အရပ်ဒေသ မိတ္ထီလာ၊ သဲတော၊ ဝမ်းတွင်း၊ ရေနံချောင်း၊ ချောက်၊ မကွေး၊ မြင်းခြံ၊ တောင်သာ၊ ပျော်ဘွယ်၊ ရမည်းသင်းတို့ကို “မိုးခေါင်ရေရှားဒေသ” လို့ ခေါ်တာကိုတော့ မှတ်မိနေပါသေးတယ်။ မိုးကလည်း ခေါင်တယ်၊ တစ်နှစ်မှ တစ်လပြည့်အောင် မရွာဘူး။
ဝမ်းတွင်းမြို့မှာ မိုးရွာရင် ထူးထူးဆန်းဆန်းလို့ သတ်မှတ်ပြီး ကျွန်တော်တို့တစ်တွေ ကျောင်းမတက်ကြပါဘူး။ အဲဒီလောက်ကို မိုးခေါင်တဲ့ဒေသတွေပါ။ ရေရှားတာကတော့ ပြောမနေနဲ့၊ ဘာမြောင်း၊ ဘာချောင်းမှမရှိ၊ သောက်ရေကန် လေးတစ်ခုလောက်ကို မနည်းထိန်းသိမ်းထားရပါတယ်။
အဲဒီလို မိုးခေါင်ရေရှား ရပ်ဝန်းဒေသမှာ နေတဲ့သူတွေရဲ့ လူမှုရေးပတ်ဝန်းကျင် ဘဝဖြစ်စဉ်နဲ့ အောက်ပြည်အောက်ရွာ တောင်ပေါ်ဒေသက လူတွေရဲ့ အခြေအနေတွေကတော့ လုံးဝကွာခြားမှာ။ ဒါကြောင့် အပူဒဏ်အကြောင်းပြောမယ်ဆိုရင် အညာကရွာတွေအကြောင်း မပြောလို့မပြီးပါဘူး။ မြို့ကြီးပြကြီးတွေမှာ အပူဒဏ်ကုဖို့ ပစ္စည်းကိရိယာ ဆေးဝါးတွေရှိပေမယ့်လို့ အညာရွာတွေမှာတော့ အခြေအနေတွေက မြို့ကြီးပြကြီးတွေနဲ့ လုံးဝကွာခြားတာကတော့ တကယ့်ကိုသနားစရာပါ။
ကျွန်တော်ငယ်ငယ်တုန်းက အညာမှာကြီးခဲ့တာပါ။ အမေက ဝမ်းတွင်းမြို့နယ် တောင်ဘိုရွာက၊ အဖေက ပျော် ဘွယ်ဇာတိ။ ဟိုတုန်းက ရဲဌာနအုပ်၊ အခုအခေါ် စခန်းမှူး sub inspector လို့ ခေါ်ပါတယ်။ မန္တလေး အဲဒီကျောင်းက ဆင်းတာနဲ့ ကျောင်းကဆင်းရင် ဌာနအုပ် sub inspector တန်းရလို့ ဆပ်ကျောင်းလို့ ခေါ်တာပါ။ အဖေဟာ ဆပ်ကျောင်းဆင်းပြီး ဝမ်းတွင်းမြို့ကို ရဲဌာနအုပ်ရာထူးနဲ့ ရောက်လာတော့ တောင်ဘိုရွာသူ အမေနဲ့ တွေ့ပြီး အိမ်ထောင်ကျသွားတာပါ။
တောင်ဘိုရွာသူအမေ့ကြောင့်မို့လို့ ကျွန်တော်တို့ ညီအစ်ကိုတွေဟာ အမေ့ရွာ တောင်ဘိုကို မကြာမကြာ အမြဲ ရောက်လေ့ရှိပါတယ်။ အထူးသဖြင့် နွေကျောင်းပိတ်ဆိုရင် အမေက ရွာကိုပြန်၊ လယ်ကိစ္စတွေ စာရင်းရှင်း၊ ရစရာပိုက်ဆံ တွေတောင်း၊ တစ်ခါတလေ တစ်ပတ်လောက်ကြာပါတယ်။ အဲဒီ အခါမျိုးမှာ ကျွန်တော်တို့က ပျော်ပြီပေါ့။ တစ်နေကုန် ဘာစာမှလည်းမဖတ်ရ၊ အခုခေတ်လို ကျူရှင်လည်းမရှိ၊ တစ်နေကုန်ဆော့၊ အညာနွေ နေပူပူမှာ တောင်ဘိုရွာ တစ်ရွာလုံး တစ်အိမ်တက် တစ်အိမ်ဆင်း လည်ပတ်စားသောက်ကြပါတယ်။
အပူဒဏ်အကြောင်း မပြောပြခင် အဲဒီလို အညာရွာတွေမှာ နေဖူးတဲ့ အတွေ့အကြုံလေးတွေ ပြောပြချင်ပါသေးတယ်။
အညာရွာတွေဟာ ရွာပတ်လည်မှာ ကန္တာရပင်လို့ခေါ်တဲ့ ဆူးပင်တွေ အုတ်အုတ်သဲသဲနဲ့ ခြံစည်းရိုး ခတ်သလိုစိုက်ထား ပါတယ်။ ကန္တာရပင်တွေဟာ ၁၉၅၇ ခုနှစ် လောက်က ဝန်ကြီးချုပ်ဦးနု အစ္စရေးနိုင်ငံက ယူလာပြီး စိုက်တယ်လို့ မှတ်သားဖူး ပါတယ်။ ဘယ်လောက်ပဲ မိုးခေါင်ခေါင် စိမ်းစိုနေအောင် ပေါက်ပါတယ်။ ကန္တာရပင်ရဲ့ ဆူးတွေကြောင့် ခွေးတောင်တိုး လို့မရဘူးလို့ ပြောပါတယ်။ အဲဒီလို ကန္တာရခြံစည်းရိုးရှိပြီးတော့မှ ရွာရဲ့အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်မှာ တံခါးလေးခုရှိပါတယ်။ ရွာတံခါးကြီးတွေက သံဆူး ကြိုးတွေ၊ ဆူးခက်တွေ၊ ဝါးကပ်တွေနဲ့ လုပ်ထားပြီး တံခါးတိုင်နဲ့ တစ်ဖက်မှာ ပတ္တာလိုဟာမျိုးနဲ့ ချိတ်ထားပါတယ်။ တစ်ဖက်ကတော့ အလွတ်ပေါ့။
ရွာတံခါးကို ပိတ်ချင်ရင် လူသုံးယောက်၊ လေးယောက်လောက် မပြီးမှ ပိတ်ရပါတယ်။ ရွာတံခါးက ဝင်လိုက်တော့မှ ရွာလယ်လမ်းမကြီးကို ရောက်ပါမယ်။ ရွာလမ်းမကြီးကတော့ မြေနီဖို့ထားတဲ့ လမ်းမကြီးပါ။ ကားနှစ်စီ်းလောက် ရှောင်လို့ရ နိုင်မှာပေါ့။ အဲဒီလမ်းမကြီးမှ ရွာထဲကို လမ်းသွယ်လေးတွေ ခွဲထွက်သွားပါတယ်။ အဲဒီလမ်းလေးတွေကတော့ ဖုန်တွေ၊ သဲတွေနဲ့ သဘာဝအတိုင်း ရှိတဲ့လမ်းလေးတွေပါ။ လှည်းဘီးရာ နှစ်ခု အလယ်လမ်းပေါ့။ လှည်းပဲ သွားကြတာပါ။ ကျွန်တော်တို့ တစ်တွေကတော့ လှည်းလမ်းအလယ် သဲဖုန်ထဲမှာ နေပူပူ ပြေးလွှားဆော့လို့ပါပဲ။
အဲဒီတုန်းက ကျွန်တော်တို့ အညာရွာမှာ လျှပ်စစ်မီး၊ ရွာရေပေးရေး စနစ်မရှိပါဘူး။ ရန်ကုန်-မ္တလေးလမ်းမကြီးနဲ့ ခြောက်မိုင်လောက်ဝေးပါတယ်။
ရွာထဲကအိမ်တွေက ပိုက်ဆံရှိမရှိ အပေါ်မူတည်ပြီး တစ်ထပ်အိမ်လား၊ နှစ်ထပ်အိမ်လားပေါ့။ ပိုက်ဆံမရှိတဲ့သူတွေကတော့ သက်ငယ်မိုး၊ ထရံကာ၊ ပြတင်းပေါက် တစ်ပေါက်တည်းပါတဲ့ အိမ်လေးတွေပေါ့။ လေဝင်လေထွက်လည်း လုံးဝမကောင်းဘူး။ အိမ်ထဲဝင်လိုက်ရင် ပူလှောင်နေတာပါ။ ရွာထဲမှာ အပင်ကြီး တွေ နည်းနည်းပါးပါးရှိတော့ သိပ်ပူတဲ့အချိန် အိမ်ထဲမှာနေတာထက် သစ်ပင်ကြီးတွေအောက်က ကွပ်ပျစ်ပေါ် သွားအိပ်နေရတာက အပူသက်သာပါသေးတယ်။
ပိုက်ဆံနည်းနည်း ပိုတတ်နိုင်တဲ့သူကတော့ သက်ငယ် မိုးမဟုတ်ဘဲ သွပ်မိုးအိမ်နဲ့ပါ။ သွပ်ကလည်း ပူသလားမပြောနဲ့ သွပ်မိုးအောက်မှာ တရှိန်ရှိန်နဲ့ မီးဖိုထဲဝင်ရသလား အောက်မေ့ မိပါတယ်။
ရွာရဲ့ လူကုံထံ လူတန်းစားတွေကတော့ နှစ်ထပ်ပျဉ်ထောင် အိမ်တွေနဲ့ပေါ့။ ကျွန်း ဒါမှမဟုတ် ပျဉ်းကတိုးတိုင်တွေနဲ့ ကြမ်းခင်းကလည်း အဲလိုပဲ ကျွန်း၊ ပျဉ်းကတိုး လျှာထိုးနဲ့ပါ။
လူတွေက အောက်ထပ်မှာပဲ အနေများပါတယ်။ အများစုကတော့ အောက်ထပ်ဟင်းလင်းပြင်ကို ကြမ်းခင်းအုတ်စီပြီး ကွပ်ပျစ်အကြီးကြီး တစ်ခုလောက်နဲ့ တန်းလျား နှစ်ခု၊ သုံးခုလောက်ထားပြီး ဧည့်သည် ဧည့်ခံ၊ ထမင်းစား၊ နေ့ခင်း၊ ညနေ အောက်ထပ်မှာပဲ နေကြပါတယ်။ ဘာလို့လဲဆိုတော့ အပေါ်ထပ်က ပူလွန်း လို့ပါ။ အဲဒီလို နှစ်ထပ်အိမ်ရဲ့အောက်ထပ်ဆိုတော့ အပူတော်တော်လေး သက်သာပြီး နေသာထိုင်သာရှိပါတယ်။ လူကြီးတွေ နေ့လယ်နေ့ခင်း ရေနွေးကြမ်းကရားလေးနဲ့ လက်ဖက်လေး၊ ထန်း လျက်လေးဝါးပြီး စကားစမြည်ပြောလို့ နေလေ့ရှိပါတယ်။
အခုပြန်တွေးကြည့်တော့ ကျွန်တော်တို့ အညာရွာက လူတွေဟာ လျှပ်စစ်မီးမရှိ၊ ပန်ကာမရှိ၊ အဲကွန်းမရှိ၊ ရေခဲရေမရှိ၊ သဘာဝပုံစံအတိုင်း အပူဒဏ်ကို ကြံ့ကြံ့ခံနေကြသူတွေပါလားလို့ ချီးမွမ်းမိပါတယ်။ ဒါ လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်က ကျွန်တော် တွေ့ ကြုံခဲ့ဖူးတဲ့ အညာရွာဓလေ့ ရွာသဘောသဘာဝပါ။
ကျွန်တော့်ရွာလည်း အနှစ် ၅၀ ကြာခဲ့ပြီဆိုတော့ အခုဆိုရင် တော်တော်လေး တိုးတက်ပြောင်းလဲနေမှာပဲလို့ တွေးမိပါတယ်။ ဒါပေမယ့် ကျွန်တော်အဲဒီလိုတွေးမိတာဟာ လွဲနေပါပြီ။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်လလောက်က ရွာကဘုန်းကြီးနဲ့ ရွာကလူကြီးတစ်အုပ်ကြီး ကျွန်တော်နဲ့ တွေ့ဖို့ဆိုပြီး ကျွန်တော့်ဆီကိ လိုက်လာကြပါတယ်။ ဒါနဲ့ “အရှင်ဘုရား ဘာကိစ္စရှိလို့လဲ” လို့မေးလိုက်တော့ “ကျုပ်တို့ရွာမီးရဖို့ မီးက ခံတောရွာနားကို ရောက်နေပြီ။ အဲဒါ တို့ရွာနဲ့အနီးဆုံးပဲ၊ တို့ကမီးတိုင်တွေနဲ့ ကြိုးသွယ်ပေးရမှာ။ ကျပ်သိန်း ၅၀ဝ လောက်ကျမယ်။ အဲဒါ ဒါယကာကြီးဆီက အကူအညီလိုနေလို့”လို့ ပြောပါတယ်။ “တပည့်တော် အဲဒီကိစ္စစုံစမ်းပေးပါမယ်” လို့ပြောပြီး ရွာကအဖွဲ့ကို ပြန်လွှတ်လိုက်ရပါတယ်။ တကယ်တမ်း စုံစမ်းကြည့်လိုက်တော့ ကိုယ့်ဘာသာတိုင်ထူ၊ ကြိုးသွယ်လည်း လျှပ်စစ်ဌာနရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးဆိုရင် အဲဒီရွာဟာ မီးမရနိုင် ပါဘူးတဲ့။ ကျွန်တော့်ရွာကတော့ မီးရဖို့ သတ်မှတ်ချက်တွေ လိုပါသေးတယ်တဲ့။ ကိုယ့်ဘာသာတိုင်ထူ၊ ကြိုးသွယ်လည်း မီးရမှာမဟုတ်ပါဘူး။ ပိုက်ဆံတွေ အလကားမဖြုန်းပါနဲ့ အလဟဿဖြစ်သွားပါလိမ့်မယ်လို့ ပြောပါတယ်။
အဲဒီရွာက အဖွဲ့တွေလာတုန်းက ရွာအကြောင်း အသေးစိတ်မေးကြည့်ပါတယ်။ လမ်းတွေ အခြေအနေ၊ ရွာဦးကျောင်း၊ ကျောင်းတိုက်ကစေတီ၊ အစစအရာရာမေးကြည့်တော့ ကျွန်တော့်ရွာဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ နဲ့ အခုနဲ့ ဘာမှသိပ်မကွာပါ။ တစ်ခုပဲသိသိသာသာ ပြောင်းလဲသွားတယ်။ အဲဒါကတော့ ကျွန်တော်တို့ငယ်ငယ် ရွာမှာသွားနေရင် ညနေစောင်းရင် ရွာပြင်ကိုထွက်ပြီး တောထိုင်ရပါတယ်။ တောထိုင်တယ်ဆိုတာ ကျင်ကြီး ကျင်ငယ် စွန့်ကြတာပါ။
ညနေစောင်းတာနဲ့ တုတ်ချောင်း၊ ဝါးခြမ်းပြားလေးတွေ သုံးချောင်းလောက်ကိုင်ပြီး ရွာပြင်ကို ထွက်ကြပါတယ်။ အဲဒီလို တောထိုင်တဲ့နေရာကို ယောကျာ်းသက်သက်၊ မိန်းမသက်သက် နေရာခွဲထားပါတယ်။ ကျွန်တော်တို့ယောကျာ်း အုပ်စုထဲမှာ လူကြီးလူငယ်တွေ စုံလို့ပေါ့။ သတ်မှတ်နေရာရောက်ရင် အရင်ကသွားထားတဲ့ အညစ်အကြေးတွေကို မနင်းမိအောင် ရှောင်ပြီး လုံချည်၊ ဘောင်းဘီမ ဆောင့်ကြောင့်ထိုင်၊ စကားလေး ဘာလေးပြောနဲ့ တောထိုင်ကြပါတယ်။ ပြီးမှ မမှောင်ခင် အိမ်ကို ပြန်ကြပါတယ်။ အခုတော့ ကျွန်တော့်ရွာမှာ အဲဒီလိုတောထိုင်တဲ့အကျင့် မရှိတော့ပါဘူးတဲ့။ အိမ်သာတွေနဲ့ ဖြစ်ကုန်ပြီတဲ့။
ဒါပေမယ့် မီးကမရှိသေးတော့ ပန်ကာ၊ အဲကွန်းတော့ မရှိသေး။ ရွာရေ ပေးရေးစနစ်လည်း မရှိသေး။ ကျန်တာတွေ ကတော့ ဘာမှသိပ်မပြောင်းသေး။ အပူဒဏ်ကိစ္စ ပြောကြည့်တော့ “ဒီလိုပါပဲကွာ ရွာမှာ ပူတာပါပဲ” တဲ့။ “ခင်ဗျားတို့ အဲဒီလို သိပ်ပူရင် လယ်ထဲယာထဲသွားလား၊ အိမ်မှာပဲ နားနေကြလား”၊ “မင်းကလည်းကွာ နေပူတိုင်းသာ အရိပ်ရတဲ့နေရာမှာ နားနေရင်တော့ ငါတို့တစ်ရွာလုံး ထမင်းငတ်ကုန်မှာပေါ့။ ဘယ်နား နေလို့ရမလဲကွာ၊ အလုပ်တော့လုပ်ရတာပေါ့” “ဒီလိုဆို ခင်ဗျားတို့ရွာမှာ အပူလျှပ်တာတို့ ဘာတို့ရှိလား”လို့ မေးတော့၊ “ရှိတာပေါ့ကွာ၊ သိပ်ပူတဲ့ နှစ်တွေဆိုရင် ရွာကရောဂါသည်တို့၊ အသက်ကြီးပြီး လူအိုတွေ တဖြုတ်ဖြုတ်နဲ့၊ လူငယ်တွေထဲ ကတော့ ဖြစ်ခဲပါတယ်။ ဟိုတစ်နှစ်က အလွန်ကိုပူပြီး အပူလှိုင်း ဖြတ်တုန်းကတော့ မဆင်မခြင် အလုပ်တွေ တအားလုပ်တဲ့ လူငယ်တစ်ယောက်၊ နှစ်ယောက်တော့ အပူလျှပ်ပြီး ဆုံးဖူး တာပေါ့ကွာ” တဲ့။ “ဒါနဲ့ ခင်ဗျားတို့ အဲဒီလိုအပူလျှပ်တယ်။ အပူဒဏ်ထိတယ်ဆိုရင် လူနာကို ဆေးရုံမပို့ဘူးလား” လို့ မေးတော့ “ဘယ်လွယ်မလဲကွာ၊ ရွာမှာကားကလည်း သိပ်ရှိတာမဟုတ်၊ အနီးဆုံးဆေးခန်းက ရွှေတောင်ရွာ၊ ခြောက်မိုင်ဝေးတယ်၊ သွားပို့ရင် လမ်းမှာပဲ ဆုံးမှာပေါ့ကွာ။ ရွာမှာပဲ တတ်သမျှ မှတ်သမျှ ကြုံသလို ဝိုင်းကုကြတာပဲ။ ရွာက ဆေးမှူးလေးကလည်း စေတနာရှိပါတယ်။ သူလည်း ဘာလုပ်ရမယ်ဆိုတာ သေချာမသိဘူးဆိုတော့ စမ်းတဝါးဝါးပေါ့ကွာ၊ ဆေးရုံကို အချိန်မီရောက်ဖို့ဆိုတာ လုံးဝမလွယ်ပါဘူး။ ရောက်ရင်လည်း ကောင်းရင်ကောင်းမှာပေါ့ကွာ” လို့ စိတ်ပျက်လက်ပျက် ပြောရှာပါတယ်။ ဪ ငါ့ရဲ့အညာရွာက လူတွေရဲ့ ဘဝကလည်း ဆိုးလှချည်လား၊ သူတို့လို အောက်ခြေအညာ ရွာသားတွေအထိ အပူဒဏ်ပညာပေး အပူဒဏ်ကုသတဲ့ နည်းစနစ်တွေ ရောက်ရင်ကောင်းမှာပဲလို့ တွေးလိုက်မိပါတယ်။
ပါမောက္ခ ခင်မောင်ဝင်း(အသည်း)