ဟေလုံကျန်း  ဖေဖော်ဝါရီ  ၂၂

အပူချိန်မြင့်တက်ပြီး  ရေခဲနှင့်ဆီးနှင်းရှုခင်းများ အရည်ပျော်ကျလာမှုကြောင့်  ကမ္ဘာ့အကြီးဆုံး ဟာဘင်ရေခဲနှင့် ဆီးနှင်းကမ္ဘာအပန်းဖြေဥယျာဉ်ကို ဖေဖော်ဝါရီ  ၂၁ ရက်တွင် ပိတ်သိမ်းလိုက်ရကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ  အရှေ့မြောက်ပိုင်း  ဟေလုံကျန်းပြည်နယ်၏   မြို့တော်ဟာဘင်တွင်   တည်ရှိသော လူကြိုက်များသည့်   ဆောင်းရာသီအပန်းဖြေစခန်း (၂၇)   ကြိမ်မြောက်ပွဲတော်ကို  ဘေးအန္တရာယ်ကင်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ပုံမှန်ထက် စောစွာပိတ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း စီစဉ်သူ များ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်မှတ်ကြိုတင်ဝယ်ယူထားသူများအနေဖြင့် ငွေအပြည့်အဝပြန်လည်ထုတ်ယူနိုင်ကြောင်း၊ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၈ ရက်အတွင်း လက်မှတ်ဝယ်ယူထားသူများကို နောက်တစ်ကြိမ်ကျင်းပမည့်ပွဲတော်တွင်  အခမဲ့ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လူသိများ ထင်ပေါ်ကျော်ကြားသော ကမ္ဘာ့အကြီးဆုံး ရေခဲ - ဆီးနှင်းကမ္ဘာအပန်းဖြေဥယျာဉ်သည် တရုတ်နိုင်ငံ၏ ထိပ်တန်းဆောင်းရာသီ  လည်ပတ်စရာများထဲမှ  တစ်ခုဖြစ်သည်။  နိုင်ငံတော်ကောင်စီက ထုတ်ပြန်သောလမ်းညွှန်ချက်များအရ  စီးပွားရေးတိုးတက်မှုအရှိန်အဟုန်သစ်အဖြစ်  ရေခဲနှင့် ဆီးနှင်းစီးပွားရေးကဏ္ဍကိုမြှင့်တင်ရန်  ရည်ရွယ်ထားပြီး စီးပွားရေးလုပ်ငန်းပမာဏကို  ၂၀၂၇ ခုနှစ်တွင် ယွမ် ၁ ဒသမ  ၂  ထရီလီယံ  (အမေရိကန်ဒေါ်လာ ၁၇၄ ဘီလီယံခန့်) နှင့် ၂၀၃၀ ပြည့်နှစ်တွင် ယွမ် ၁ ဒသမ ၅ ထရီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

ဆင်ဟွာ