အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့်မိုဇမ်ဘစ်နိုင်ငံ ဘီအီရာမြို့ ၉၀ ရာခိုင်နှုန်း ပျက်စီး

မာပူတို  ၁၉  မတ် 

 

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက မိုဇမ်ဘစ်နိုင်ငံတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း အိုင်ဒီတိုက်ခတ်ခဲ့မှုကြောင့် ဘီအီရာမြို့၏ ၉၀ ရာခိုင်နှုန်း ပျက်စီးခဲ့ရကြောင်း ကြက်ခြေနီအဖွဲ့က မတ် ၁၈ ရက်တွင် ပြောကြားသည်။

 

မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုဇမ်ဘစ်နှင့် အိမ်နီးချင်း ဇင်ဘာဘွေနိုင်ငံတို့တွင် သေဆုံးခဲ့သူဦးရေမှာ ၁၅၇ ဦးထိ မြင့်တက်ခဲ့ကြောင်း အေအက်စ်ပီသတင်းတွင် ဖော်ပြသည်။

 


ဘီအီရာမြို့၏ ၉၀ ရာခိုင်နှုန်းမှာ ပျက်စီး သို့မဟုတ် ဖျက်ဆီးခံခဲ့ရကြောင်း ကြက်ခြေနီအဖွဲ့က ပြောကြားသည်။ မတ် ၁၇ ရက်က ကြီးမားသော ဆည်တစ်ခု ကျိုးပေါက်မှုကြောင့် လူဦးရေ ၅၃၀ဝ၀ဝ နေထိုင်သည့် ဘီအီရာမြို့နှင့်ဆက်သွယ်သည့် နောက်ဆုံးလမ်းမှာ ပြတ်တောက်သွား ခဲ့ကြောင်း ကြက်ခြေနီအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

 

အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒီသည် မတ် ၁၄ ရက်က မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်းသို့ တစ်ဟုန်ထိုး ဝင်ရောက်ခဲ့ပြီး ဇင်ဘာဘွေနိုင်ငံတွင်းသို့ မဝင်ရောက်မီအထိ လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများနှင့် ပြင်းထန်သည့် လေပြင်းတိုက်ခတ်မှုများကို ဖြစ်ပွားစေခဲ့ကာ လူနေအိမ်များနှင့် လမ်းမများကို ရေစီးဖြင့်မျောပါစေခဲ့သည်။

 

တရားဝင်သတင်းရင်းမြစ်များမှ ထုတ်ပြန်သည့်အချက်အလက်များကို အေအက်ဖ်ပီမှ မတ် ၁၈ ရက်တွင် စုဆောင်းကောက်ယူမှုများအရ အဆိုပါမုန်တိုင်းဒဏ်ကြောင့် မိုဇမ်ဘစ်နိုင်ငံတွင် သေဆုံးသူဦးရေမှာ ၆၈ ဦးရှိပြီး ၎င်းအထဲတွင် ဘီအီရာမြို့၌ သေဆုံးသူ ၅၅ ဦး ပါဝင်သည်။ ဇင်ဘာဘွေနိုင်ငံတွင် ၈၉ ဦးရှိခဲ့ကာ ယခင်က ရရှိထားသည့် စုစုပေါင်း သေဆုံးသူ ၁၂၇ ဦး စာရင်းထက် ပိုမိုနေသည်။

 

မုန်တိုင်းဒဏ်သင့်မှုအခြေအနေမှာ ကြောက်မက်ဖွယ်ကောင်းပြီး အပျက်အစီးပမာဏမှာ အလွန်ကြီးမားကြောင်း ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

 

အေအက်ဖ်ပီ