နေပြည်တော် ဇူလိုင် ၂၃
အပူပိုင်းဇုန်ဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးနှင့် လမ်းဘေးဝဲ/ယာ သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးမှ သယံဇာတ ရေးရာဝန်ကြီးများက virtual စနစ်ဖြင့်တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်ဖြစ်သော မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်းနှင့် ကျောက်ပန်းတောင်း-ချောက်-မကွေးလမ်းတို့၏ လမ်းမကြီး ဝဲ/ယာတွင် ကြီးမြန်သစ်ပင်များစိုက်ပျိုးရေးနှင့် အပူပိုင်းဇုန် ခရိုင် ၁၃ ခု တွင် အနည်းဆုံး တစ်ရွာ ၂ ဧက စိုက်ခင်းများတည်ထောင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ဆက်စပ်ဌာနများပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် မိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာ ၈၀၉ ရွာတွင် ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်း ၃,၅၅၁ ဧက၊ အပင် ၂ဒသမ၁ သန်းကျော် စိုက်ပျိုးရန်လျာထား ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၉၇ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း၊ ကားလမ်းဘေး ဝဲ/ယာ ကြီးမြန်သစ်ပင် စိုက်ပျိုးခြင်းအား အပင် ၄၀,၀၀၀ ကျော်စိုက်ပျိုး ရန်လျာထားဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၉၂ ရာခိုင်နှုန်း ပြီးစီးကာ ဆက်လက်စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မိတ္ထီလာ ခရိုင် အတွင်းရှိ ဆည်ရေလှောင်တမံ ၂၀ ၏ရေဝေရေလဲ ဧရိယာများတွင် ရေဝေရေလဲ ထိန်းသိမ်းခြင်းနှင့် ရေဝေရေလဲစိုက်ခင်း တည်ထောင်ခြင်းများအတွက်လည်း ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိကြောင်း။
အပူပိုင်းဇုန်ဒေသ ၁၃ ခရိုင်အတွင်း အနည်းဆုံးတစ်ရွာ ၂ ဧက စိုက်ခင်းတည်ထောင်နိုင်ရေးအတွက် မြေနေရာရရှိရေး၊ ကျေးရွာများရှိ မြေပိုင်ဆိုင်မှုနှင့် မြေအသုံးချမှုများ လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရေး၊ ရွာအဝင်နှင့်ရွာတွင်းလမ်းဘေး၊ အိမ်ခြံဝန်းအတွင်းပါ သစ်ပင်များစိုက်ပျိုးနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီး ဌာနများနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့များ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အပူပိုင်းဒေသ ပြန်လည်စိမ်းလန်းစိုပြည်လာစေရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် ဒေသခံပြည်သူတို့က ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်း ပါဝင်ပေးရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး သယံဇာတဝန်ကြီးများနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိ သူများက စိုက်ခင်းတည်ထောင်ရန် မြေနေရာရရှိရေး၊ ရွေးချယ်ထားသော မြေနေရာများ၏ မြေပိုင်ဆိုင်မှုနှင့် မြေအသုံးချမှုများ လုပ်ထုံးလုပ်နည်းနှင့် ဖြစ်စေရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် အသေးစိတ်တင်ပြ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


