နေပြည်တော် အောက်တိုဘာ ၁၁ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ မန်းရေနံမြေ လုပ်သား အပန်းဖြေရိပ်သာတွင် မန်းရေနံမြေမှ ဝန်ထမ်းများ၊ ဒေသခံများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။ 

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သစ်တောသစ်ပင်များသည် လူသားများအတွက် စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုမျှတကောင်းမွန်ရေးနှင့် အပန်းဖြေနားနေရာ အဖြစ်သာမက ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးနှင့် ဂေဟစနစ်မျှတရေးအတွက်လည်း မရှိမဖြစ်အရေးကြီးပါကြောင်း၊ မင်းဘူးခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သစ်တောဖုံးလွှမ်းမှု ၁ ဒသမ ၁၉ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ကျေးရွာသုံးထင်းစိုက်ခင်းများ တည်ထောင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပွင်းလင်းရာသီများတွင် ဖြစ်တတ်သော မီးလောင်ကျွမ်းမှုများကြောင့် လေထုထဲသို့ မီးခိုးမြူငွေ့များအဖြစ် ပျံ့နှံ့စေပြီး လူသားများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါကြောင်း၊ မီးခိုးမြူငွေ့များဖြစ်ပေါ်စေတတ်သော Fire Hotspot များ လျော့နည်းစေရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သစ်တောသစ်ပင်တို့၏ တန်ဖိုးကို သိရှိနားလည်ပြီး နောင်အနာဂတ်မျိုးဆက်များအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော‌ရာသီဥတုကို လက်ဆင့်ကမ်းပေးသွားနိုင်ရေးအတွက် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အပူပိုင်းသစ်တောထိန်းသိမ်းရေးအတွက် သစ်တောများ၏ အရေးပါမှု၊  မြန်မာနိုင်ငံအပူပိုင်းဒေသ ဂေဟစနစ်၊ သဲကန္တာရ၊ တောမီးနှင့် မီးခိုးမြူငွေ့ဖြစ်ပွားမှု၊ သစ်တောထိန်းသိမ်းရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မီးခိုးမြူငွေ့ ညစ်ညမ်းမှုကြောင့် ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားအပေါ် သက်ရောက်မှု၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆောင်ရွက်နေမှုနှင့် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စကုမြို့ ကျွဲတဲရွာရှိ ဆုတောင်းပြည့်ထူပါရုံစေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး စေတီတော်ကြီး ဘက်စုံပြုပြင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်၍ မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ၏ ကွင်းဆင်းဆေးကုသမှုပေးနေမှုကို ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင်လည်းကောင်း၊ မင်းဘူးမြို့ရှိ မင်းဘူးဦးဩဘာသမြို့တော်ခန်းမတွင်လည်းကောင်း ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့ရှိ နမ္မဒါဘိုးဘွားရိပ်သာသို့ သွားရောက်၍ အဘိုးအဘွားများအား ကြည့်ရှုအားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်