ပခုက္ကူ ၉ ဇန်နဝါရီ
အပူပိုင်းဇုန် အရပ်ဖက် လူမှုအဖွဲ့အစည်းကွန်ရက်မှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို တော်ဝင်နန်းဟိုတယ် ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုက အမှာစကား ပြောကြားရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် အစိုးရ၊ NGO၊ INGOနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်ပါက ပိုမိုထိရောက် အောင်မြင်နိုင်ကြောင်း၊ မိမိတို့ တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့ တစ်သင်းတည်းက လုပ်ဆောင်သည်ထက် ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ပိုမိုထိရောက် အကျိုးရှိနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် အပူပိုင်းဇုန် အရပ်ဖက် လူမှုအဖွဲ့အစည်းကွန်ရက်မှ ပခုက္ကူမြို့နယ်တွင် ၂၀၁၉ ခုနှစ်တွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် လုပ်ငန်းစဉ်များကို စီမံချက်မန်နေဂျာများဖြစ်ကြသော ဦးလင်းလင်းထွန်းနှင့် ဒေါ်ဇာဇာဝင်းတို့က ရှင်းလင်းပြောကြားသည်။
ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အပူပိုင်းဇုန် အရပ်ဖက် လူမှုအဖွဲ့အစည်းကွန်ရက်မှ တာဝန်ရှိသူ ဦးရဲထွဋ်က မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အားကစား၊ ပညာရေး အစရှိသည့် လုပ်ငန်းများတွင် နည်းပညာ ကူညီပံ့ပိုးခြင်း၊ သင်တန်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ ပြုလုပ်ပေးရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကိုတမာ
