ကော့သောင်း  ၅  ဇန်နဝါရီ 

 

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့၊ ယနေ့မြန်မာစံတော်ချိန် ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံ ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း "ပါဘက်" (Pabuk)သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့(Kawthaung)၏ အနောက်တောင်ဘက်(၆၅)မိုင်ခန့်၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အရှေ့တောင်ဘက် မိုင် (၃၉၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ အရှေ့တောင်ဘက် (၃၃၅) မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ပါဘက်"(Pabuk)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၄၈)နာရီအတွင်း ကပ္ပလီကျွန်းစုသို့ ဖြတ်ကျော်နိုင်သည်ဟု မိုးလေဝါသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားသည်။ 

 

20190105_080940 ကော့သောင်း (1)

 

အပူပိုင်းမုန်တိုင်း ပါဘက် ဖြတ်သန်းရာ မြန်မာနိုင်ငံ၏အနီးဆုံးမြို့ဖြစ်သည့် ကော့သောင်းမြို့တွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် လေအနည်းငယ်တိုက်ခတ်နေပြီး၊ မိုးဖွဲဖွဲဆက်တိုက်ရွာသွန်းနေသည်မှလွဲ၍ အေးချမ်းတည်ငြိမ်လျှက်ရှိသည်ကို တွေ့ရသည်။  

 

မြို့နယ်တာဝန်ရှိအဖွဲ့အစည်းများ၏ နှိုးဆော်အသိအပေးချက်များအရ မြို့မဆိပ်ကမ်းတံတား၊ ဘုရင့်နောင် တံတားနှင့် ဘုရင့်နောင်အမှတ်(၂)တံတားတို့တွင် ဆိုက်ကပ်ရပ်နားထားသည့်စက်လှေများ၊ ငါးဖမ်းလှေငယ်များ ဘေးကင်းရာသို့ရွေ့ပြောင်းထားပြီး ကော့သောင်း-ရနောင်း ကူးသန်းသွားလာသည့် ကူးတို့ပဲ့ချိတ်လှေငယ်များ၊ ခရီးသွားလုပ်ငန်းသုံး Speed Boat များအားလုံး ထွက်ခွာခြင်းမပြုကြဘဲ ဆိုက်ကပ်ရပ်နားထားကြကြောင်း၊ ထိုင်းမြန်မာ နယ်စပ်ဖြတ်သန်းမှုအား နှစ်နိုင်ငံ စစ်ဆေးရေးဂိတ်များ အသီးသီးပိတ်ထားပြီး ကူးတို့လှေများ ထွက်ခွာဖြတ်သန်းခွင့်မပြုကြောင်း၊ ယနေ့သည် အစိုးရရုံးများ၊ ကျောင်းများ ပိတ်ရက်ဖြစ်ရာ ကျောင်းသား ကျောင်းသူများနှင့် မြို့နေပြည်သူများ မြို့တွင်းသွားလာမှု နည်းပါးသည်မှလွဲ၍ ကော့သောင်းမြို့၏ ရာသီဥတုအခြေအနေမှာ ဆိုးရွားမှုမရှိကြောင်း သိရသည်။

 

20190105_080940 ကော့သောင်း (2).

 

မွန်းလွဲပိုင်းတွင် မုန်တိုင်းသည် ဘင်္ဂလာပင်လယ်အော်အတွင်းသို့ ရောက်ရှိတိုက်ခတ်လျှက်ရှိရာ မုန်တိုင်းနှင့် အနီးဆုံးဖြစ်သည့် ကော့သောင်းမြို့၌  မိုးအုံ့ညို့မှိုင်းလျှက် လေတိုက်နှုန်းနှင့် မိုးရွာသွန်းမှု သိသာစွာ လျော့နည်းသွားပြီး ရာသီဥတုအခြေအနေမှာ စိုးရိမ်ဖွယ်ရာမတွေ့ရသော်လည်း မုန်တိုင်း၏ နောက်ဆက်တွဲ သတင်းများအား  မြို့နေပြည်သူများ သတိပြု၍ ပုံမှန်လှုပ်ရှားသွားလာနေကြကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)

 

20190105_080940 ကော့သောင်း (3).