မနီလာ အောက်တိုဘာ ၂၇
ဖိလစ်ပိုင်နိုင်ငံကို ယခုသီတင်းပတ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်း ထရာမီ ကြောင့် သေဆုံးသူ ၉၀ ရှိပြီး ၃၆ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားသည်။
တိုင်ဖွန်းမုန်တိုင်း ထရာမီကြောင့် ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းရှိ ဒေသ ၁၆ ခုတွင် လူပေါင်း ၅ ဒသမ ၇ သန်းကျော် ထိခိုက်ခဲ့ရကြောင်း ကောင်စီကဆိုသည်။ ယခုနှစ် ဖိလစ်ပိုင်တွင် ဝင်ရောက်တိုက်ခတ်ခဲ့ သည့် ၁၁ ခုမြောက် တိုင်ဖွန်း ထရာမီသည် ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အထူးသဖြင့် ဘီကောနှင့် ကာလာဘာဇွန်ဒေသများ၊ ဖိလစ်ပိုင်အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ လူဇွန်ဒေသတို့တွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပေါ်ပြီး လမ်းများလည်းပျက်စီးခဲ့သည်။ ပျောက်ဆုံးသွားသူ ၃၆ ဦး ကို သက်ဆိုင်ရာက ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
တိုင်ဖွန်းထရာမီကြောင့် ဆိပ်ကမ်းများတွင် လူပေါင်း ၈၀၀၀ ကျော် သောင်တင်နေခဲ့သည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ပြောကြားသည်။
တိုင်ဖွန်း ထရာမီ ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာပြီးနောက် နှစ်ရက်ကြာသည်အထိ သဘာဝဘေးသင့် ပြည်သူများသည် အစားအစာနှင့် သန့်ရှင်း သောရေရရှိရေး စောင့်ဆိုင်းနေရဆဲဖြစ်သည်။
တိုင်ဖွန်း ထရာမီကြောင့် အခြေခံအဆောက်အအုံပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး ပီဆို ၈၂၅ သန်း (အမေရိကန်ဒေါ်လာ ၁၄ သန်း)၊ စိုက်ပျိုးရေးကဏ္ဍတွင် ပျက်စီးမှုတန်ဖိုး ပီဆို ၁ ဒသမ ၄၃၂ ဘီလီယံ (ဒေါ်လာ ၂၄ ဒသမ ၂၄ ဒသမ ၅ သန်း) ရှိသည်။ နှစ်စဉ် ဖိလစ်ပိုင်သို့ တိုင်ဖွန်းမုန်တိုင်း ပျမ်းမျှအကြိမ် ၂၀ ခန့် ဝင်ရောက်တိုက်ခတ်လေ့ရှိကြောင်း သိရသည်။
ဆင်ဟွာ