အောက်တိုဘာ ၂၅
ဖိလစ်ပိုင်နိုင်ငံတွင် ယခုသီတင်းပတ်အတွင်း အပူပိုင်းမုန်တိုင်း ထရာမီတိုက်ခတ်မှုကြောင့် သေဆုံးသူ ၄၆ ဦး ရှိလာပြီး အခြား ၂၀ ထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
နိုင်ငံတစ်ဝန်းရှိ ဒေသကြီး ကိုးခုတွင် ထရာမီမုန်တိုင်းနှင့်ဆက်စပ်ပြီး သေဆုံးမှုများရှိကြောင်းဖော်ပြထားသည်။ မနီလာ၏အရှေ့တောင်ဘက် ဘီကိုလ်ဒေသတွင် သေဆုံးမှုအများဆုံးဖြစ်ပြီး ၂၈ ဦး၊ ကာလာဘာဇွန်ဒေသတွင် ၁၅ ဦး သေဆုံးခဲ့သည်။
နိုင်ငံတောင်ပိုင်းနှင့်အလယ်ပိုင်းရှိအခြားသောဒေသများတွင်လည်း ထရာမီမုန်တိုင်းနှင့်ဆက်စပ်ပြီး သေဆုံးမှုများရှိသည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းရှိ ဒေသကြီး ၁၅ ခုထက်မနည်းတွင် လူဦးရေ ၂ ဒသမ ၆ သန်းကျော် ထိခိုက်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ပြောသည်။
နိုင်ငံတစ်ဝန်းရှိ တံတား ၆၇ စင်းနှင့် လမ်း ၂၉၃ ခုတွင် အောက်တိုဘာ ၂၅ ရက်အထိ ဖြတ်သန်းသွားလာခွင့်မရှိသေးကြောင်းနှင့် အချို့ဒေသများတွင် လျှပ်စစ်ဓါတ်အားပြတ်တောက်နေဆဲဖြစ်ကြောင်းသိရသည်။
ထရာမီမုန်တိုင်းသည် ယခုနှစ်အတွင်း ၁၁ ကြိမ်မြောက်တိုက်ခတ်သော တိုင်ဖွန်းမုန်တိုင်းဖြစ်သည်။ ထိုမုန်တိုင်းသည် အောက်တိုဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်း (သို့မဟုတ်) ညနေပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမှဆုတ်ခွာသွားမည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း ပျမ်းမျှအားဖြင့် အကြိမ် ၂၀ ခန့် တိုက်ခတ်လေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို