နေပြည်တော်   ဩဂုတ်   ၁၁

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊  အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

 

တပ်မတော်နှင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန်  လုပ်ဆောင်လာ ခဲ့သောကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ   နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း နိုင်ငံတော်ကို ဘက်ပေါင်းစုံမှဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်မှု ဖြစ်စဉ်များ ရှိနေဆဲဖြစ်သဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား  ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်မှစ၍  နောက်ထပ်ခြောက်လ သက်တမ်းတိုးမြှင့်ထားသည့် အခြေအနေများ၊ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့် ကာလအတွင်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်၍  တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန်  ပြင်ဆင်မှုများနှင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား  နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးကို  ဦးတည်ချက်ထား၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သည့် ဖွဲ့စည်းအုပ်ချုပ် ပုံစနစ်များ ပြောင်းလဲခဲ့မှုအခြေအနေများနှင့် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရသည့် အခြေအနေများနှင့်  စပ်လျဉ်း၍ ဦးစွာရှင်းလင်းပြောကြားသည်။

 

နိုင်ငံ့အနာဂတ်အတွက် ဗလငါးတန်ပြည့်စုံသည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရမည်

ဆက်လက်ပြောကြားရာတွင် အသစ်ထပ်မံချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက်(၉)ရပ်ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာ၍ အောင်မြင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကျရာအခန်းကဏ္ဍက ပါဝင်ရမည်ဖြစ်ကြောင်း၊ ဦးတည်ချက်များအနက် လူငယ်များ၏ အခန်းကဏ္ဍ တစ်ခုကို ထည့်သွင်းချမှတ်ထားကြောင်း၊ အနာဂတ်နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ရန်အတွက် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂ ဗလဟူသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူကောင်း၊ လူတော်များကို မွေးထုတ်ပေးရန်လိုကြောင်း၊ နိုင်ငံ၏ အနာဂတ်တိုးတက်ရေးအတွက်  လူငယ်များသည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေပြီး အနာဂတ်တိုင်းပြည်ကို ဦးဆောင်နိုင်သည့် နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွက်လာစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်မှသာလျှင် အနာဂတ် နိုင်ငံတော်အတွက် ခိုင်မာမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ယခင်က ပညာရေးစနစ်၏ အားနည်းမှု၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းမှုများရှိခဲ့ခြင်းကြောင့် ကျောင်းသား ကျောင်းသူများ၏ ပညာရေး တွင်  အားနည်းချက်များရှိခဲ့ကြောင်း၊ ပညာရည် မြင့်မားတိုးတက်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို   များစွာ အထောက်အကူပြုစေမည် ဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန် မှစ၍ ပညာရည်မြင့်မားရေးကိစ္စရပ်များကို  အားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊   တိုင်းပြည်အတွက်  ရေရှည်အကျိုးကို မြော်တွေး၍ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊   အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့်လည်း ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၏ ဆိုလိုချက်နှင့် မျှော်မှန်းချက်များကို သဘောပေါက်နားလည်ကြရန်နှင့် မိမိတို့ တတ်နိုင်သည့်ဘက်မှ   လိုက်နာအကောင် အထည်ဖော်ဆောင်ကြရန်လိုသည်ကို တိုက်တွန်းမှာကြားလိုကြောင်း။

 

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်မှုနှင့် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး ဆောင်ရွက်လျက်ရှိမှု တပ်မတော်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တပ်မတော်၏ အဓိကတာဝန်သည်  နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် အန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့်  နိုင်ငံနှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊      နိုင်ငံတကာရှိ တပ်မတော်တိုင်းသည် ပြည်ပအန္တရာယ်၊ ရန်စွယ်များကို ကာကွယ်ရန်ဖြစ်ပြီး ရဲတပ်ဖွဲ့သည် ပြည်တွင်း လက်နက်ကိုင် အကြမ်းဖက်မှုများ၊ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရသည်ဖြစ်သော်လည်း    မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအခြေအနေများအရ တပ်မတော်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ     ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတွင် အတူတကွ ပူးပေါင်း၍ တာဝန်ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း။

 

တပ်မတော်ကို စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ တပ်မတော်၏ စွမ်းပကားမြှင့်တင်ရန်အတွက် စစ်သည်တစ်ဦးချင်း၏ စွမ်းရည်မြင့်မား စေရေး လေ့ကျင့်ရေးတာဝန်များကို မှန်မှန်ကန်ကန် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဦးချင်း စွမ်းရည် များရှိစေရေး အမြဲလေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ တပ်မတော်သားအားလုံး ကျန်းမာ၊ ကြံ့ခိုင် မှုရှိစေရေးအတွက်    နေထိုင်စားသောက်မှုများကို တတ်နိုင်သမျှပြည့်စုံအောင် ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း၊ ဉာဏပိုင်းနှင့်ပတ်သက်၍လည်း စစ်အတတ်ပညာများကိုသာမက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍရပ်များအားလုံးကို ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ တစ်ဦးချင်း၏ ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက်လည်း အမြဲလေ့ကျင့် ဆောင်ရွက်နေရန်လိုကြောင်း။

 

အရာရှိ၊ စစ်သည်များအနေဖြင့်  မိမိတို့လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရာတွင်  အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး တစ်ဦးချင်း၏ စွမ်းဆောင်မှု၊ ကြိုးပမ်းအားထုတ်မှုမှသည်  စွမ်းရည် စွမ်းအားရှိသည့်  တပ်မတော်တစ်ရပ်ဖြစ်စေရေးအားလုံးမှ  ဝိုင်းဝန်းကြိုးပမ်း   ဆောင်ရွက်ကြ ရန်လိုကြောင်း၊ တိုင်းပြည်၏အနာဂတ်ဖြစ်သည့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း    မိမိတို့ တတ်စွမ်းသရွေ့   ဝိုင်းဝန်းအားပေး  ဖော်ဆောင်သွားကြရန်လိုကြောင်း မှာကြားပြီး   အရာရှိ၊   စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို  မေးမြန်းသည်။

 

 စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက်  စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက  တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ  တိုင်းမှူး၏ဇနီးက လည်းကောင်း လက်ခံရယူကြသည်။

 

တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်  အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊  မိသားစုများအား  ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ပုသိမ်တပ်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်