ပြင်ဦးလွင် ၂၅ နိုဝင်ဘာ ၂
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပတ္တမြားခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး အတွက် ယခင်ပြည်သူ့ရေးရာ အုပ်ချုပ်မှုစနစ်ဟောင်းမှ ဒီမိုကရေစီစနစ်နှင့်လျော်ညီသော ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုစနစ်သစ် တို့ကို အထောက်အကူပြုပြီး ပြည်သူ့အတွက် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံ့ဝန်ထမ်းကောင်းများကို လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကကျသည့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေး အတွက် နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေး မူဝါဒများကို ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းမူဝါဒနှင့်အညီ မိမိတို့အဖွဲ့အတွင်းရှိ ဝန်ထမ်းများသာမက နိုင်ငံတစ်ဝန်းလုံးရှိ ဝန်ထမ်း များ၏ အရည်အချင်း၊ အရည်အသွေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း။
ဝန်ထမ်းကောင်းများ ဖြစ်စေရန် မိမိတတ်သိ နားလည်ရမယ့် လုပ်ငန်းခွင်ဆိုင်ရာ အရည်အချင်းများ၊ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးနှင့် မိမိတို့နိုင်ငံ၏ အခြေအနေများကို မျက်ခြေမပြတ် အမြဲကြိုးစားလေ့လာ ဆည်းပူးနေမှသာလျှင် ဝန်ထမ်းကောင်းများ ဖြစ်လာ ကြမှာဖြစ်ပြီး မိမိတို့တာဝန်ကျရာ အခန်းကဏ္ဍကနေ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် သယ်ပိုး ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲတွင် သင်တန်းသား(၂၈)ဦး၊ သင်တန်းသူ(၆၅)ဦး၊ စုစုပေါင်း(၉၃)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၂၅ ရက်မှ မတ် ၁၃ ရက်အထိ ရက်သတ္တ(၁၆)ပတ်ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)


