နေပြည်တော် ဩဂုတ် ၂၅

 

အရာထမ်းလောင်း (အထူး)သင်တန်း အမှတ်စဉ်(၁၁)နှင့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၂) သင်တန်းဆင်းပွဲကို ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ကျင်းပသည်။

 

ဦးစွာ အရာထမ်းလောင်း (အထူး)သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကို တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်က သင်တန်း၌ ထူးချွန်ဆု ရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင်က “သင်တန်းသား သင်တန်းသူများအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ရာ၌ ထမ်းဆောင်ရမည့် တာဝန်၊ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်းများနှင့်အညီ ပေးအပ်လာသည့် တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင် ကြရန်နှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)ပါ အချက်များနှင့်အညီ ဂုဏ်သိက္ခာရှိသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြ ရန်” တိုက်တွန်းပြောကြားသည်။

 

ထို့နောက် အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၁) ဘွဲ့နှင်းသဘင် အခမ်းအနားကို တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက သင်တန်းသား သင်တန်းသူများကို ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား ၇၀၊ သင်တန်းသူ ၂၁၃ ဦး စုစုပေါင်း ၂၈၃ ဦး တက်ရောက်ပြီး သင်တန်း ကာလမှာ ရက်သတ္တ ၁၆ ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင်သည် တက္ကသိုလ်၌ ဖွင့်လှစ်သင်ကြားနေသည့် သင်တန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို  လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၂) သင်တန်းဆင်းပွဲကို ရတနာခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက “ဆရာ ဆရာမများအနေဖြင့် လေ့ကျင့်သင်ကြားခဲ့သည့် ဘာသာရပ် သင်ခန်းစာများကို မိမိတို့ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး မိမိတို့၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် အတတ်ပညာများ ပြည့်ဝစေရေး ကြိုးစားကြရန်နှင့် ကျောင်းသား ကျောင်းသူများ၏ အတွေးအခေါ် ကောင်းမွန်စေရေးနှင့် ပညာရပ်များ ကို မှန်ကန်စွာ တတ်မြောက်စေရေး စနစ်တကျ သင်ကြားပေးကြစေလိုကြောင်း၊ နိုင်ငံ၏အမျိုးသားပညာရေးကို မြှင့်တင်နိုင်သော နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ၊ ဆရာမများအဖြစ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရန်” တိုက်တွန်းစကား ပြောကြားပြီး ထူးချွန်ဆု ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား ၈၉ ဦး၊ သင်တန်းသူ ၃၈၃ ဦး စုစုပေါင်း ၄၇၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလ ရက်သတ္တ ငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်