နေပြည်တော် စက်တင်ဘာ ၂၅
အရာထမ်းလောင်း (အထူး)သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) စစ်ရေးပြကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က သင်တန်းထူးချွန်ဆု ရရှိသူများကို ဆုများပေးအပ် ချီးမြှင့်ပြီး သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ယခုသင်တန်းသည် နိုင်ငံ့ဝန်ထမ်းအဖြစ် စတင် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းလောင်းများကို နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ရုံးလုပ်ငန်းနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲ အုပ်ချုပ်မှုပညာတို့ကို သိရှိကျွမ်းကျင်မှုရှိစေရန်၊ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှုသဘော တရားများ၊ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများကို လေ့လာနိုင်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှု၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်တတ်မှု၊ ချစ်ခင်ရင်းနှီးမှုများ ပိုမိုရရှိစေရန်နှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေသဘောထား ကောင်းမွန်သည့် အရာရှိကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အရာထမ်းများအဖြစ် ရှေ့ဆက်လျှောက်လှမ်းရာတွင် နိုင်ငံချစ်စိတ်၊ နိုင်ငံအပေါ် သစ္စာစောင့်သိ ရိုသေစိတ်၊ မျိုးချစ်စိတ်အပြည့်ဖြင့် အမိနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားသည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်က သင်တန်းသူ/သင်တန်းသား များကို ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ ဘွဲ့လက်မှတ်များ ပေးအပ်သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၁၉)ဦး တက်ရောက်ကြပြီး သင်တန်းကာလ ရက်သတ္တ (၁၇)ပတ် ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


