နေပြည်တော်  ၁၀  ဇန်နဝါရီ 


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန အရာထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၁၈-၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွန်ကြား ရေးမှူး များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။  


အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၂/၂၀၁၈-၂၀၁၉)သို့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်း (၉၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၈) ရက်ကြာမြင့်မည် ဖြစ်သည်။


သင်တန်းတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (MSDP) ၊ စီမံကိန်းရေးဆွဲခြင်း အကောင်အထည်ဖော်ခြင်းနှင့် စိစစ်သုံးသပ်ခြင်း၊ ဒေသအလိုက် စီမံကိန်းရေးဆွဲခြင်း၊ လုပ်ငန်းစီမံကိန်းများရွေးချယ်ခြင်းနှင့် စိစစ်ခြင်း၊ စောင့်ကြည့် ကြပ်မတ်ခြင်းနှင့် အကဲဖြတ်ခြင်း (M&E) ၊ 2008 SNA အရ Supply & Use Table အပေါ် အခြေခံ၍ ကဏ္ဍအလိုက် ပြောင်းလဲတွက်ချက်မှု ၊ Multidimensional Welfare Analysis စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ လေ့လာခြင်းများကို  ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)