အရာတော်မြို့၌ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နွားလှည်းပြိုင်ပွဲများကျင်းပ

အရာတော် ၃  ဇန်နဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် အမှတ်(၃)နယ်မြေရှိ နွားလှည်းပြိုင်ကွင်းတွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နွားလှည်းပြိုင်ပွဲများကို ဇန်နဝါရီ ၂ ရက်မှ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

 

လွတ်လပ်ရေးနေ့အထိမ်းအမှတ် နွားလှည်းပြိုင်ပွဲတွင် ဒုန်းပြေး၊ အသားကျ အကျော့အလှနွားပြိုင်ပွဲများနှင့် နွားကျော့စီး ပြိုင်ပွဲများကို နွားအကြီးတန်း၊ အလတ်တန်းနှင့် အငယ်တန်းပြိုင်ပွဲများကို ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

''နွားပြိုင်ပွဲဝင်တဲ့ နွားတွေ ပြေးလမ်းအတွင်းမှာ ခြေပျက်တာ၊ လမ်းချော်တာ ဖြစ်မဖြစ်ကို ဒိုင်လူကြီး ငါးဦးကနေ အလံမပြီး အချက်ပြတဲ့စနစ်နဲ့ အကဲဖြတ်ကြမယ်၊ ပြိုင်ပွဲဝင်စဉ် သုံးကြိမ်စည်းကမ်းဖောက်ဖျက်တဲ့ နွားလှည်းကို လည်ပတ်ကြိုး အနီပေးပြီးတော့ ပြိုင်ပွဲကနေ ထွက်ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေ ချမှတ်ထားတယ်'' ဟု ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

 

အဆိုပါ နွားလှည်းပြိုင်ပွဲသို့ အရာတော်မြို့နယ်အတွင်းမှ နွားမွေးမြူရေးတောင်သူများနှင့် စိုက်ပျိုးရေး တောင်သူများ၏ နွား (၄၈)ကောင်မှ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ဇန်နဝါရီလ (၄)ရက်နေ့တွင် ဆုပေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)