အရာတော်  ၁  မတ် 


စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာ၊ မေတ္တာဂုဏ်ရည် တိုက်နယ်ဆေးရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ တိုက်နယ်ဆေးရုံရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်၊ မန္တလေးမြို့ မဟာမြိုင်ဆရာတော်၊ ရန်ကုန်မြို့ ချမ်းမြေ့မြိုင် ဆရာတော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိုက်ထွန်း၊ ကျပ်သိန်း(၁၀ဝ၀) မတည်အလှူရှင် ဒေါက်တာစန်းလွင်တို့က မေတ္တာဂုဏ်ရည် တိုက်နယ်ဆေးရုံဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းတို့က တိုက်နယ်ဆေးရုံအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကဗ္ဗည်း ကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။


ထို့နောက် တိုက်နယ်ဆေးရုံလွှဲပြောင်းပေးအပ်ပွဲကို ကျင်းပရာ ဆရာတော်ကြီးများက ဩဝါဒစကား မြွက်ကြား တော်မူပြီး တိုက်နယ်ဆေးရုံ ဆောက်လုပ်ရေးကော်မတီမှ ဦးဇော်ထွန်းက တိုက်နယ်ဆေးရုံဆိုင်ရာ မှတ်တမ်းများနှင့် အထိမ်းအမှတ်အလံများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


ဖိုးခါး(ပြန်/ဆက်)