အရာတော် မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် စိုက်ပျိုးမြေဧက ၅၀၀ ကျော်အကျိုးပြုမည့် ချမ်းသာကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ငွေကျပ် ၃၃ ဒသမ ၃၇ သန်းဖြင့် ဇန်နဝါရီလ ပထမပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အရာတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးထံမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ် ခြောက်လတာတွင် အရာတော်မြို့နယ်အတွင်းရှိ ချမ်းသာကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ နှစ်ပေထု မြေနီကျောက်စရစ် ၉ လက်မထုခင်းခြင်းလုပ်ငန်းနှင့် ကုန်ထုတ်တံတားအဖြစ် Box Culvert တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၃၃ ဒသမ ၃၇ သန်းဖြင့် တင်ဒါ အောင်မြင်သည့် ဟန်နီစိုးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အရာတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
အဆိုပါ ချမ်းသာကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၁၀၊ လူဦးရေ ၅၀၀ တို့၏ စိုက်ပျိုးမြေဧက ၅၀၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


